
ပိုလန်နိုင်ငံမှာ ရက်ပိုင်းအတွင်း လူတယောက်သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တဲ့ ကျောင်းတွင်း ဓားထိုးတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ "သွေးထွက်သံယို သောကြာနေ့" ဆိုတဲ့ ခြိမ်းခြောက်မှုတွေပါ ထပ်ထွက်လာကြောင့် အောက်တိုဘာ ၉ ရက်မှာ ပိုလန်ရဲတပ်ဖွဲ့ဝင် သောင်းနဲ့ချီပြီး တနိုင်ငံလုံးက ကျောင်းတွေဆီကို သွားရောက်ခဲ့ကြပြီး လုံခြုံရေး တွေ တင်းကျပ် ချထားခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်တုန်းက ဝါဆောမြို့ အရှေ့မြောက်ဘက်ရှိ လက်ရှ်ချီဒူး-နိုဗီနီ မူလတန်းကျောင်းမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားဟောင်းတယောက်က ဦးထုပ်မှာ ကင်မရာတပ်ပြီး ကျောင်းထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့လို့ ကျောင်းစောင့်အမျိုးသမီးတယောက် သေဆုံးသွားခဲ့ရပြီး၊ ဝင်ရောက် တားဆီးကြတဲ့ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာတယောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ် မတိုင်ခင် အောက်တိုဘာ ၇ ရက်ကလည်း အော့စ်ထရိုလက်ကာမြို့ရှိ ကျောင်း တကျောင်းမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်က ဓားနဲ့ထိုးခဲ့လို့ လူ ၁၀ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် ရှီယာ့ပ်ချ်မြို့မှာလည်း ကျောင်းထဲမှာ တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ကို ရဲတပ်ဖွဲ့က ဓားနှစ်လက်နဲ့အတူ ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။
အဲဒီဖြစ်ရပ်တွေအပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အွန်လိုင်းစိန်ခေါ်မှုတခုကြောင့် ကျောင်းတွေကို ထပ်တိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာပါတော့တယ်။
ရဲတပ်ဖွဲ့က စစ်ဆေးကြည့်တဲ့အခါမှာတော့ အဲဒီကောလာဟလအတွက် ခိုင်လုံတဲ့ အထောက်အထား လုံးဝမတွေ့ရသေးပါဘူး။
ဒါပေမဲ့ကျောင်းသားမိဘတွေနဲ့ ကလေးတွေ စိတ်အေးချမ်းသာ ရှိစေဖို့အတွက် ရဲအရာရှိ ၂၄,၀၀၀ လောက်ကို ကျောင်းပေါင်း ၁၅,၀၀၀ ဆီ အမြန်ဆုံး ဖြန့်ကြက်ချထားပေးခဲ့ပါတယ်။
ဒါတင်မကသေးဘဲ အတန်းတွင်း Group Chat အုပ်စုစကားဝိုင်းတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဓားပုံတွေတင်ပြီး သတ်မယ်လို့ ခြိမ်းခြောက်တဲ့ ဗီဒီယိုတွေ ဖြန့်ခဲ့ကြတဲ့ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား လူငယ် ၁၉ ယောက် ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်က အခုလို ကင်မရာတပ်ပြီး ရိုက်ကူးဖို့ အထိ ရည်ရွယ်ကျူးလွန်တဲ့ အသက်မပြည့်သေးတဲ့ လူသတ်သမား ပေါ်လာတာဟာ အရမ်းစိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
အွန်လိုင်းပေါ်က အကြမ်းဖက်မှု လှုံ့ဆော်နေတာတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် သွားမယ်လို့ လည်း ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီး မာချီ ကီယာဗင်းစကီးကလည်း "ကျောင်းတွေမှာ ကလေးတွေရဲ့ လုံခြုံရေးထက် အရေးကြီးတာဘာမှမရှိဘူး၊ ဒါကြောင့် ဒီကိစ္စမှာ လုံးဝလျှော့ပေးမှာ မဟုတ်ပါဘူး" လို့ ပြောကြား ခဲ့ပြီး လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တခြားဝန်ကြီးတွေကလည်း အွန်လိုင်းကနေ မှားယွင်းသတင်းတွေနဲ့ လူတွေကို ထိတ်လန့်အောင် လုပ်နေတာတွေကို သတိထားကြဖို့ ပြောကြားထားပါတယ်။
Source:Reuters











