DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် လူမှုစီးပွား ပြဿနာများအဆုံးသတ်ရေး ရွေးကောက်ခံအစိုးရထံ အာဏာပြန်လွှဲပေးရန် ပြည်သူအများစုဆန္ဒရှိဟု စစ်တမ်းထုတ်ပြန်
DVB
·
June 10, 2022
မြန်မာပြည် လူမှုစီးပွား ပြဿနာများအဆုံးသတ်ရေး ရွေးကောက်ခံအစိုးရထံ အာဏာပြန်လွှဲပေးရန် ပြည်သူအများစုဆန္ဒရှိဟု စစ်တမ်းထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်တာကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ လူမှုစီးပွား ပြဿနာတွေအဆုံးသတ်စေရေးအတွက် လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံ အမြန်ဆုံးအာဏာ ပြန်လွှဲပေးဖို့လိုတယ်လို့ စစ်တမ်းဖြေတဲ့ ပြည်သူအများစုက ဆန္ဒရှိတဲ့အကြောင်း  လူထုစစ်တမ်းအရ သိရပါတယ်။

“လက်ရှိမြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေနှင့် စိုးရိမ်ပူပန်မှုများ လေ့လာသုံးသပ်မှုအစီရင်ခံစာ”လို့ အမည်ပေးထားတဲ့ လူထုစစ်တမ်းတခုကို ဇွန်လ ၇ ရက်က လွတ်လပ်သောသုတေသီများအဖွဲ့ Myanmar Independent Researchers (MIR) က ထုတ်ပြန်ရာမှာထည့်သွင်းဖော်ပြထားတာပါ။

လက်ရှိတိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စစ်တမ်းထုတ် မေးမြန်းရာမှာ  လက်ရှိအာဏာသိမ်းစစ်တပ်က ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရအား အမြန်ဆုံးအာဏာပြန်လည်လွှဲပေးဖို့ ဖြေဆိုသူက ၇၁ ရာခိုင်နှုန်းကျော်ရှိတာတွေ့ရပါတယ်။ ကျန်သူတွေကတော့ နိုင်ငံရေး အစုအဖွဲ့တွေနဲ့ စစ်တပ်အကြား ဖြေရှင်းနိုင်မယ့် ကိစ္စတွေကို အမြန်ဆုံးဆွေးနွေးညှိနှိုင်း အဖြေရှာသင့်တယ်လို့ စစ်တမ်းမှာ ဖြေဆိုထားပါတယ်။

စစ်တမ်းဖြေဆိုသူ စုစုပေါင်းရဲ့ ၈၉ ရာခိုင်နှုန်းက လူမှုစီးပွားအခက်အခဲတွေကြုံတွေ့နေရတဲ့ အဓိက အကြောင်းအရင်းမှာ စစ်တပ်အာဏာသိမ်းတာကြောင့်လို့ ဖြေဆိုကြပြီး နိုင်ငံတဝန်း ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး အဘက်ဘက်က စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရတာနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိသူဟာလည်း အာဏာသိမ်းစစ်ကောင်စီသာဖြစ်တယ်လို့ ဖြေဆိုသူအများစုက သုံးသပ်ထားပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး ဖြတ်သန်းခဲ့ရတဲ့ တနှစ်တာ ကာလနဲ့  ရှေ့လာမယ့်  ၃ လတာကာလမှာ ပြည်သူတွေအနေနဲ့  နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ရတဲ့ အခြေအနေတွေကို သိရဖို့ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူရာမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၆ ခုတို့မှာ နေထိုင်ကြတဲ့ ပြည်သူ ၂၀၉ ဦးထံမှ အချက်အလက်တွေကို ကောက်ယူခဲ့တာဖြစ်ပြီး ဖြေဆိုသူအများစုက ဖြတ်သန်းခဲ့ရတဲ့ ၁ နှစ်တာကာလအတွင်းမှာ မိမိတို့အနေနဲ့ အလုပ်အကိုင်၊ မိသားစုစားဝတ်နေရေးနဲ့ ရပ်ရွာလုံခြုံရေးအပေါ်မှာ အထူးစိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်လို့ ဖြေဆိုထားပါတယ်။

ဒါ့အပြင် ရှေ့လာမည့် ၃ လတာကာလအတွင်းမှာလည်း အဆိုပါ အရေးကိစ္စကိုပဲ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ ထပ်မံဖြေဆိုထား တာတွေ့ရပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူတွေဟာ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိ ဖြေဆိုသူက ၁၀၃ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်းနဲ့ အများဆုံးရှိပါတယ်။ ဒုတိယအများဆုံးကတော့ အသက် ၃၁ နှစ် မှ ၄၀ နှစ်အတွင်းရှိ ဖြေဆိုသူ ၄၄ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်း ရှိပါတယ်။

ဖြေဆိုသူတွေရဲ့  ပညာအရည်အချင်းကတော့  ဘွဲ့ရ ၁၀၄ ဦး (၄၉ ဒသမ ၈ ရာခိုင်နှုန်း) နဲ့ အများဆုံးဖြစ်ပြီး ဘွဲ့လွန် ၃၈ ဦး (၁၅ ဒသမ ၃ ရာခိုင်နှုန်း)၊ ၊ အထက်တန်းအောင် ၁၃ ဦး (၆ ဒသမ ၂ ရာခိုင်နှုန်း)၊ ဒီပလိုမာ ၉ ဦး (၄ ဒသမ ၃ ရာခိုင်နှုန်း)၊ အသက်မွေးဝမ်းကျောင်းပညာ ၅ ဦး (၂ ဒသမ ၄ ရာခိုင်နှုန်း) နဲ့ အလယ်တန်းအောင် ၅ ဦး (၂ ဒသမ ၄ ရာခိုင်နှုန်း) အသီးသီးရှိပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါအကျိုးဆက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ၊ ဝန်ထမ်းတွေ လျှော့ချခံရတာနဲ့ လစာ ဖြတ်တောက်ခြင်းခံရတာ စတဲ့အချက်တွေက ပြည်သူအများစုရဲ့ အလုပ်အကိုင်အခြေအနေတွေကို ပြောင်းလဲစေခဲ့ပါတယ်။

ဒါကြောင့် စစ်တမ်းမှာ ဖြေဆိုထားသူရဲ့ သုံးပုံတပုံက အလုပ်လက်မဲ့ အခြေအနေဆီ ရောက်ရှိသွားတယ်လို့ ဖြေဆိုထားပြီး သက်ရောက်မှုက လစဉ်ဝင်ငွေလျှော့နည်းသွားတဲ့အတွက် ဝင်ငွေထွက်ငွေ မမျှတမှုနဲ့ ကြုံတွေ့နေရတာကြောင့် မိသားစု နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရယူရန် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် အိမ်ထောင်စုအများစုတို့ဟာ စားဝတ်နေရေး အခက်အခဲအပြင် ရပ်ရွာမလုံခြုံမှုနဲ့အတူ လုယက်မှုအန္တရာယ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုဒဏ်တွေကို ခံစား နေရပါတယ်။ 

ဒါကြောင့် လူထုက မလူးသာမလွန့်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရေးမတည်ငြိမ်မှု ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတဲ့အကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013