DVB Logo
Home
မြန်မာသတင်း
ကိုဗစ်စစ်တမ်းထွက်ရှိ၊ ဖြေဆိုသူတဝက်ကျော်က စစ်ကောင်စီထိုးပေးသည့် ကာကွယ်ဆေး အလိုမရှိ
DVB
·
August 19, 2021
ကိုဗစ်စစ်တမ်းထွက်ရှိ၊ ဖြေဆိုသူတဝက်ကျော်က စစ်ကောင်စီထိုးပေးသည့် ကာကွယ်ဆေး အလိုမရှိ
1 / 4
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက စီစဉ်ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စစ်တမ်းဖြေဆိုကြတဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်းလောက်က ထိုးဖို့  အစီအစဉ်မရှိဘူးလို့ အွန်လိုင်းလူထုစစ်တမ်းတစ်ခုအရသိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တာဆီးရေးနဲ့ ကုသရေး ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတစ်ခုကို အခုသြဂုတ်လအတွင်း Myanmar Independent Researcher အဖွဲ့က ထုတ်ပြန်လိုက်တာပါ။ 

စစ်တမ်းဖြေဆိုသူတွေရဲ့  ၅၉ ဒသမ ၈ ရာခိုင်နှုန်းက ဆေးတစ်ကြိမ်မှ မထိုးရသေးကြောင်းနဲ့ ဆေးထိုးရန်လည်းအစီအစဉ်မရှိကြောင်းဖြေဆိုခဲ့ကြပြီး ဆေးထိုးဖို့ အစီအစဉ်ရှိပေမဲ့ တစ်ကြိမ်မှ မထိုးရသေးသူ ပမာဏမှာ ၂၉  ဒသမ ၉  ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းအရသိရပါတယ်။

အလားတူ စစ်အာဏာမသိမ်းမီက ကာကွယ်ဆေးတစ်ကြိမ်ထိုးထားကာ မထိုးရသေးသူ ပမာဏမှာ ၅ ဒသမ၉  ရာခိုင်နှုန်းရှိပြီး တစ်ကြိမ်ထိုးထားပြီးနောက်တစ်ကြိမ်ထိုးဖို့ စောင့်နေသူ ပမာဏ ဝ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ နှစ်ကြိမ်လုံးထိုးပြီးတဲ့ ပမာဏကတော့  ၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိသေးကြောင်း အဆိုပါ စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နေတယ်ထင်ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ထင်ပါတယ်လို့ ဖြေဆိုသူ   ၁ ဒသမ ၆ ရာခိုင်နှုန်း၊ မပြောတတ်ပါဟု ဖြေသူ  ၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး  မထင်ပါဟု ဖြေဆိုသူကတော့   ၉၆ ဒသမ ၇  ရာခိုင်နှုန်းထိရှိတာတွေ့ရပါတယ်။

လက်ရှိစစ်ကောင်စီက ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းအပေါ် ဘယ်လို ဘောထားပါသလဲ၊ ကာကွယ်ဆေးထိုးသင့်တယ် ထင်ပါသလားဆိုတဲ့ မေးခွန်းနဲ့  ပတ်သက်လို့တော့ ကာကွယ်ဆေးထိုးသင့်တယ်ထင်ပါတယ်လို့ ဖြေဆိုသူ ၅ ဒသမ ၈ ရာခိုင်နှုန်း၊ မထိုးသင့်ပါဟု ဖြေဆိုသူ  ၈၄ ဒသမ ၁ ရာခိုင်နှုန်း၊ မပြောတတ်ပါဟုဖြေဆိုသူ   ၁၀ ဒသမ ၂  ရာခိုင်နှုန်း ရှိပါတယ်။

လူအများစုက လက်ဆေး၊ နှာခေါင်းစည်းတပ်တာတွေကို ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေတုန်းကလို အလေးထားဆောင်ရွက်ကြတယ် ထင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ထင်ပါတယ်လို့ ဖြေဆိုသူ ပမာဏ  ၅၀ ဒသမ ၄ ရာခိုင်နှုန်း၊ မထင်ပါဟုဖြေဆိုသူ  ၃၆ ဒသမ ၈ ရာခိုင်နှုန်နဲ့  မပြောတတ်ပါဟု ဖြေဆိုသူ ပမာဏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းအရ သိရပါတယ်။

သင်နေထိုင်ရာမြို့နယ်မှာ ပြည်သူတွေ အောက်ဆီဂျင်အိုးဝယ်ယူ ဖြည့်တင်းမရအောင်စစ်ကောင်စီက  တားဆီးထားတာ ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့  ရှိပါတယ်လို့ ဖြေဆိုသူ ပမာဏ ၅၁ ဒသမ ၃ ရာခိုင်နှုန်း၊ မရှိပါဘူးဟု ဖြေဆိုသူပမာဏ ၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ မပြောတတ်လို့  ဖြေဆိုသူ ၄၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်းလည်း စစ်တမ်းမှာဖော်ပြပါတယ်။

အဆိုပါစစ်တမ်းကို ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်အတွင်း၊ Myanmar Independent Researcher  အဖွဲ့က  Google form ကို အသုံးပြုပြီး လူမှုကွန်ရက်တွေကနေတဆင့် မျှဝေကောက်ခံခဲ့တာဖြစ်ပြီး ဖြေဆိုသူ စုစုပေါင်း ၄၇၉၉  ယောက်ရဲ့ အဖြေတွေအပေါ် အခြေပြုပြီး စစ်တမ်းပြုစုထားတာ ဖြစ်ပါတယ်။

GraphicCredit-Myanmar Independent Researcher

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013