DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသခံများ အခက်တွေ့
DVB
·
June 10, 2022
သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသခံများ အခက်တွေ့
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် လူ ၅ ဦးထက်ပို စုဝေး ခြင်းမပြုကြဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သီပေါမြို့နယ်မှာ လူတချို့ဟာ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေ ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်နေလို့  မြို့နယ်ထဲမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုး ကိုအသုံးပြုတာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် စီတန်းလှည့်လည်လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ မလုပ်ဖို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန် ၈ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ထားတာပါ။ အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါမြို့ခံတွေကတော့ မြို့ပေါ်မှာ ခုတလော ဆန္ဒပြတာ၊ လုယက်တာတွေမရှိဘဲနဲ့ ခုလို အမိန့်ထုတ်တဲ့အပေါ် အံ့ဩမိကြောင်း၊ သီပေါမှာ ကိုဗစ်-၁၉ ကြောင့် ဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ စားဝတ်နေရေးခက်ခဲသူတွေ မကြာခင်က ဆိုင်ပြန်ဖွင့်ရလို့ ပြေလည်ခါစမှာ အခုလို ညမထွက်ရ လူမစုရ အမိန့်ကြောင့် အခက်အခဲပြန်ဖြစ်ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  

မြို့ခံတဦးက “ကျနော်တို့ သီပေါမှာ တခြားမြို့ရွာတွေလို ဆန္ဒပြပွဲတွေ ဘာတွေ မရှိပါဘူး။ လုယက်မှုတွေလည်း မရှိပါဘူး။ ကိုဗစ်-၁၉ ကြောင့် ဆိုင်မဖွင့်ရတဲ့သူတွေ ခုမှပြန်ဖွင့်တာ မကြာသေးဘူး၊ စားသောက်ဆိုင် ဘီယာဆိုင်တွေက အများအားဖြင့် ညပိုင်းပဲ ရောင်းရတာ”လို့ ပြောပါတယ်။

သီပေါ ပရဟိတအဖွဲ့ဝင်တယောက်ကလည်း သီပေါမှာ ပြီးခဲ့တဲ့ ၈ ရက်က ပရဟိတအဖွဲ့ကား ၁ စီး တိုးဂိတ်မှာရပ်မပေးလို့ လုံခြုံရေးအဖွဲ့က ကားသမားကို ရိုက်နှက်ခဲ့ကြောင်းနဲ့ ညမထွက်ရအမိန့် ထုတ်လိုက်တော့ အရေးပေါ်လူနာတွေကို ခါတိုင်းလို အချိန်မရွေး အကူအညီပေးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

“လုံခြုံရေးမပေးနိုင်တဲ့အဖွဲ့က စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ပဲလို့ ပြောလိုက်ချင်တယ်။ ဒုက္ခရောက်သူတွေကို ကယ်တင်လာတဲ့ ပရဟိတကားပါ။ အဲဒါကို ချက်ချင်းရပ်မပေးလို့ ကားမောင်းသမားကို ရိုက်တယ်။ အခက်အခဲရှိတဲ့သူတွေက အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အခုလို ညမထွက်ရအမိန့်ထုတ်တော့ ကူညီကယ်ဆယ်ရေးကို အချိန်မရွေး သွားကူလို့မရတော့ဘူးပေါ့။ မြို့နယ်ရုံးက သူတို့ဆီမှာ ခွင့်တောင်းပြီးသွားကူလို့ ရတယ်ဆိုပေမဲ့ ဝန်ထမ်းတွေက ညဆို ဖုန်းမှ မကိုင်တော့တာ၊ ခွင့်ပြုချက်အဆင့်ဆင့်တောင်းပြီးတဲ့ချိန်ဆို တချို့လူနာတွေ အသက်မမီတော့ဘူး။”

ကျောက်မဲခရိုင်မှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ နောင်ချိုမြို့နယ် လေးမြို့နယ် ပါဝင်ပြီး သီပေါမြို့နယ်တခုတည်းမှာသာ  ပုဒ်မ ၁၁၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

သီပေါမြို့နယ်အတွင်းမှာ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေပြီး မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013