DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်မိသားစုနှင့် ဆက်နွှယ်သည့် ခရိုနီကုမ္ပဏီ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရ
DVB
·
June 10, 2022
စစ်ခေါင်းဆောင်မိသားစုနှင့် ဆက်နွှယ်သည့် ခရိုနီကုမ္ပဏီ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွှယ်တဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire Group မှ အကြီးအကဲနဲ့သူ့ရဲ့ စီးပွားမိတ်ဖက်တို့က တနင်္သာရီတိုင်း ကံပေါက်ဒေသမှာ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်နေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ချပေးထားတဲ့ မြေ ၃ ဧက မှာ ၂၀ မဂ္ဂါဝပ် စမ်းသပ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို တည်ဆောက်ထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် စီမံကိန်း ဒုတိယအဆင့်အနေနဲ့ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ဓာတ်အားပေးစက်ရုံကိုလည်း ဆက်လက်တည်ဆောက်နေကာ ဒီစီမံကိန်းထဲမှာ PTTEP ကုမ္ပဏီရဲ့ ဇောတိကစီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေ  ပို့လွှတ်နိုင်ဖို့ ပိုက်လိုင်း တလိုင်းကို ထည့်သွင်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

စီမံကိန်းကိုဖော်ဆောင်ရာမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံသား Upakhit Pachariyangkun နဲ့ Star Sapphire Group ရဲ့အကြီးအကဲ ဒေါက်တာထွန်းမင်းလတ်တို့ဟာ Andaman Power and Utility ကုမ္ပဏီမှ  ဒါရိုက်တာအဆင့် ရာထူးရှိတဲ့သူတွေပါ။

ဒါ့အပြင် သူတို့နှစ်ယောက်ဟာ British Virgin Islands မှာ မှတ်ပုံတင်ထားတဲ့ Chakris Kajkumjorndej နဲ့ All Asia Asset Capital ကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်တွေလည်း ဖြစ်ပါတယ်။ 

Justice For Myanmar က စုံစမ်းဖော်ထုတ်မှုအရ Andaman Power and Utility ကုမ္ပဏီကို United Power of Asia ကုမ္ပဏီက လက်လွှဲရယူခဲ့ပြီး ထိုင်းနိုင်ငံရှိ စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားပါတယ်။

ဒီ့နောက် United Power of Asia ကုမ္ပဏီရဲ့ လက်အောက်မှာရှိတဲ့ မြန်မာကုမ္ပဏီခွဲ Myanmar UPA ကုမ္ပဏီကို နေပြည်တော်ရှိ Star Sapphire ကုမ္ပဏီလိပ်စာနဲ့ မှတ်ပုံတင်ထားပြီး ဒါရိုက်တာဘုတ်အဖွဲ့စာရင်းမှာ Star Sapphire မှ ရှယ်ယာရှင်တဦး ဖြစ်တဲ့ ခိုင်ဝင့်မွန် အပါအဝင် ဒေါက်တာ ထွန်းမင်းလတ်က  သူ့ရဲ့ စီးပွားမိတ်ဖက်တို့နဲ့ ကုမ္ပဏီဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှတ်ပုံတင်စာရင်းအရ ဒေါက်တာထွန်းမင်းလတ်ဟာ တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ Myanmar Allure Group (P&E) အမည်နဲ့ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းစုရဲ့  အဓိက ရှယ်ယာရှင် တယောက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် Star Sapphire Group အကြီးအကဲ ဒေါက်တာ ထွန်းမင်းလတ် အပါအဝင် ဒီလုပ်ငန်းမှာပါဝင်တဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆို တိုက်တွန်းထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး  Star Sapphire Group အကြီးအကဲ ဒေါက်တာ ထွန်းမင်းလတ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013