DVB Logo
Home
Lead Story
အကြမ်းဖက် စစ်ကောင်စီရဲ့ မုသားအပြည့်နဲ့ အကုသိုလ်ပင်လယ်
DVB
·
June 8, 2022
အကြမ်းဖက် စစ်ကောင်စီရဲ့ မုသားအပြည့်နဲ့ အကုသိုလ်ပင်လယ်
Donate to DVB

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ဒီဗွီဘီသတင်းမှာ တိုင်းပြည်ဟာ အေးချမ်းတဲ့ အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်တယ်လို့ အကြမ်းဖက်အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေ ၃၁ ရက် နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့တဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်အထိ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ကျည်တွေ ထိမှန်လို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံပေါင်း ၂၂,၂၉၉ လုံးရှိပြီး တနိုင်ငံလုံး အတိုင်းအတာအရ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိနေတဲ့နိုင်ငံမှာ စစ်ဓားပြခေါင်းဆောင်က အခုလို ပြောကြားခြင်းဟာ  အရှက်မဲ့စွာ ဗြောင်လိမ်ပြောကြားခဲ့တယ်ဆိုတာ မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကတောင် သိနေပါတယ်။

တကယ်တော့  မင်းအောင်လှိုင်မှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာ အလိမ်အညာတွေကို မြိန်ရေရှက်ရေ ပြောဆိုခဲ့ကြပြီး မုသားအပြည့် အကုသိုလ်ပင်လယ်ကြီးထဲမှာ အပါယ်မကြောက် ငရဲမကြောက်တဲ့ ပညာမဲ့ မျက်ကန်းလူမိုက်များပမာ ကူးခတ်ခဲ့ကြတာ ယနေ့အချိန်ထိပါပဲ။

၁၉၆၂ ခုနှစ်မှာ လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း တိုင်းပြည်ကို ဘယ်သောအခါမှ သတင်းအမှန် မထုတ်ပြန်ခဲ့ပါဘူး။ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ၊ အဆောင်တွေထဲအထိ စက်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ကျောင်းသူကျောင်းသား ရာချီစာရင်းကို အမှန်အတိုင်း မထုတ်ပြန်ဘဲ ထိမ်ချန်ပြီး မုသားပြောဆို လိမ်ညာခဲ့ပါတယ်။

အဲဒီနောက် ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေဖြစ်တဲ့ အလုပ်သမားအရေးအခင်း၊ ဆန်ပြဿနာ အကြောင်းပြုတဲ့ အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ ဖုန်းမော်အရေးအခင်း၊ တံတားနီအရေးအခင်းတွေကနေ ၁၉၈၈ ခုနှစ်မှာဖြစ်ပွားတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအဆုံး ဖြစ်ပျက်သမျှ အခြေခံအကြောင်းတရားတွေ၊ ပြည်သူသေဆုံးမှု သတင်းအချက်အလက်တွေကို ဖုံးကွယ်လိမ်ညာ မုသားပြောဆိုခဲ့ကြတာချည်းပါပဲ။

၁၉၈၈ အာဏာသိမ်း နဝတ၊ နအဖ အစိုးရ စစ်အာဏာရှင်လက်သစ် ဗိုလ်သန်းရွှေလက်ထက် တလျှောက်လုံးလည်း မတည်နိုင်တဲ့ကတိတွေ၊ မုသားတွေ အကြိမ်ကြိမ် ဆိုခဲ့ကြပါတယ်။ ပါတီစုံ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာအပ်ပြီး စစ်တန်းလျားပြန်မယ်ပြောခဲ့ပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရ NLD ပါတီကို အာဏာမလွှဲပေးတဲ့အပြင် အပြစ်အမျိုးမျိုးရှာပြီး ဖမ်းဆီးထောင်ချပြီး စစ်အာဏာရှင်တွေ တသက်လုံး အုပ်ချုပ်ခွင့်ရအောင် အချိန်မရွေး အခုလို အာဏာလုယူနိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆယ်စုနှစ် ၂ ခုနီးပါး အချိန်ဆွဲလို့ နိုင်ငံသယံဇာတတွေ ရောင်းချခိုးယူပြီး စစ်အခွင့်ထူးခံ အသိုင်းအဝိုင်း‌တွေ ပြည်သူ့ဘဏ္ဍာတွေနဲ့ ချမ်းသာကြွယ်ဝ ဗိုလ်ကျခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ ၂၀၁၄ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့ဖူးတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီးကို တပ်မတော်က ကျိုက်မရောမြို့မှာ ဖမ်းဆီးထားစဉ် အသတ်ဖြတ်ခံရတဲ့ လူသတ်မှု၊ နောက်တခါ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ ခြံစည်းရိုး တိုးချဲ့ခတ်တာကို ဒေသခံတောင်သူ‌တွေက ကန့်ကွက်ဆန္ဒထုတ်ဖော်တော့ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ မိုးကြိုးပြင်အလယ်ရွာမှာနေတဲ့ လယ်သူမကြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှု၊ စစ်ဘောင်းဘီချွတ် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ လုပ်အားပေးဆရာမနှစ်ဦးဖြစ်တဲ့ မရန်လုရာနဲ့ ခေါန်နန်စင်တို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီး အနီးအနားရောက် တပ်စွဲ‌ထားတဲ့ မြန်မာစစ်တပ်က စစ်သားတချို့နဲ့ မသင်္ကာစရာ ဆက်နွှယ်တဲ့အမှု စတာတွေလို ရဲနဲ့ စစ်တပ်က ကျူးလွန်ပြီး မဖော်ထုတ်ဘဲ ဖုံးကွယ် လိမ်ညာခဲ့ကြတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ၂၀၂၁ ခုနှစ် အာဏာလုယူခဲ့တဲ့ မင်းအောင်လှိုင်တို့ ဖက်ဆစ်စစ်ကောင်စီကတော့ ပထမပြောခဲ့တာက “တနှစ်ပဲအုပ်ချုပ်ပြီး အာဏာပြန်လွှဲပေးမှာ” ဆိုပြီး လိမ်ညာမုသား ဆိုခဲ့ပါတယ်။

ပြောပြီး သိပ်မကြာလိုက်ပါဘူး။ ဧပြီလ ပထမပတ်ထဲမှာ CNN သတင်းထောက် မြန်မာပြည် ရောက်လာခဲ့တဲ့အချိန် မေးမြန်းတော့ “၂ နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်” အရှက်မရှိ ပြောပြီး ၂ လအတွင်းမှာပဲ ဒုတိယအကြိမ် မုသားဆိုခဲ့ပါတယ်။

နောက် တတိယအကြိမ် လိမ်ညာမုသားဆိုခဲ့တာကတော့ ၂‌၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ “ရွေးကောက်ပွဲကို ၂၀၂၃ သြဂုတ်လထဲမှာ လုပ်ပေးမယ်” လို့ ထပ်မံပြီး ဗလောင်းဗလဲ ပြောဆိုခဲ့မှုပါပဲ။ စစ်အခွင့်ထူးခံအုပ်စုဟာ ကိုယ်ထွေးတဲ့ တံထွေးသလိပ်ကို အကြိမ်ကြိမ်ပြန်မျိုချပြီး မုသာဝါဒကို အလွယ်တကူ ကျူးလွန် သိက္ခာမဲ့သတ္တဝါတွေ ဖြစ်ကြပါတယ်။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးပါး ရောက်ကြောင်း လမ်းမကြီးနဲ့တူတဲ့ အကုသလ ကမ္မပထတရားလို့ ခေါ်တဲ့ ၁၀ ပါးသော အကုသိုလ်ကံတရားတွေထဲမှ အောက်ပါ ဝစီအကုသိုလ်ကံ‌‌ ၄ ပါး ပါရှိပါတယ်။

(၁) မုသာဝါဒ = လိမ်ပြောတဲ့ အကုသိုလ်ကံ၊

(၂) ပိသုဏဝါစာ = သူတပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊

(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးတဲ့ အကုသိုလ်ကံ၊

(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုတဲ့ အကုသိုလ်ကံတို့ ဖြစ်ကြပါတယ်။

တည်တောဆရာတော်ဘုရားကြီးက ဟောကြားခဲ့ရာမှာ ဝစီကံ ၄ ပါးထဲမှာ မုသာဝါဒ - လိမ်ပြောတဲ့ အကုသိုလ်ကံဟာ အလွန်အပြစ်ကြီးတယ်လို့ ဆိုပါတယ်။ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ တခြားအကုသိုလ်‌ကံ‌တွေကိုသာ ကျူးလွန်ခဲ့‌ပေမဲ့ မုသာဝါဒကံကိုတော့ မကျူးလွန်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မဃဒေဝလင်္ကာသစ်မှာ “အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံးသာတည့်” လို့ စပ်ဆိုထားပါတယ်။ လူပုံအလယ်မှာ မုသာဝါဒ‌ကို ပြောဆိုသူတို့  မကျူးလွန်ဝံ့သော အကုသိုလ်ဆိုတာ လောကမှာ မရှိနိုင်လို့ ဓမ္မစာပေတွေထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့လို့လည်း မုသာဝါဒ အကြိမ်ကြိမ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ သူ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ မိုက်မဲယုတ်ညံ့စွာ ပြောဆိုဝံ့တာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အကြမ်းဖက်စစ်ကောင်စီဟာ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ အသက်ဘဝ အိုးအိမ်စည်းစိမ်၊ အနာဂတ်တွေကို နင်းချေဖျက်ဆီးပြီး သူတို့ရဲ့ အာဏာတည်မြဲဖို့ မုသားအပြည့်နဲ့ အကုသိုလ်ပင်လယ်ထဲ နစ်မြုပ်နေတာမို့ အကုသလကမ္မပထတရား ၁၀ ပါးစလုံး အထပ်ထပ်ပေကျံလို့ စစ်ဘီလူးတအုပ်လုံးအတွက် အကုသိုလ်ကံ အပါယ်လမ်းမဟာ အကျယ်ကြီးပွင့်‌နေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013