DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် စစ်ကောင်စီက တပ်စခန်းများအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းနေ
DVB
·
June 7, 2022
ဖာပွန်ခရိုင်တွင် စစ်ကောင်စီက တပ်စခန်းများအတွက်  လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းနေ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီက တပ်စခန်းတွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေဖြည့်တင်းဖို့ လုပ်ဆောင်နေတာတွေကြောင့် တိုက်ပွဲတွေနေ့တိုင်း ဖြစ်ပွားနေတယ်လို့ တပ်မဟာ ၅  ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နွေရာသီတုန်းက စစ်ကောင်စီတပ်တွေက ရိက္ခာပို့ပေးဖို့နဲ့ လုံခြုံရေးယူပေးဖို့အတွက် BGF တပ်တွေကို အကူအညီတောင်းဆိုလာတဲ့အတွက် နယ်ခြားစောင့်တပ်အသီးသီးက အင်အား ၁၀၀၀ လောက် စေလွှတ်ခဲ့တာဖြစ်ပြီး အခု မိုးရာသီရောက်လာချိန် ရိက္ခာပို့လုပ်ငန်း ပြီးစီးသွားတဲ့အတွက် BGF တပ်နယ် ၃ က မေ ၉ ရက်က ပြန်ထွက်ခွာသွားခဲ့ပေမဲ့ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲတွေဟာ သိသိသာသာ လျော့နည်းသွားတာ မရှိဘူးလို့ ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက “နယ်ခံ BGF တွေနဲ့ ဒေသခံ တပ်ရင်းတွေက ရှိမြဲရှိနေတယ်။ စကစဘက်ကလည်း သူတို့တပ်အင်အားပို့ဖို့ ပြန်ပြီးဝင်လာတာတွေ ရှိတယ်။ ဒီဒေသမှာ သူတို့တပ်စခန်းတွေ ရိက္ခာရောက်ရှိနိုင်အောင် ကြိုးစားတဲ့အပေါ်မှာ နယ်မြေစိုးမိုးရေးလုပ်ဆောင်နေတော့ တဘက်ကလည်း မရောက်အောင် လုပ်ဆောင်တဲ့နေရာမှာ တိုက်ပွဲတွေက မကျဲသွားဘူး။ တော်တော်လေးကို ဖြစ်နေတုန်းလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ ကျူးကျော် ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီး ပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သား ပြည်သူတွေ ၇၀၀၀၀ ကျော်ဟာ တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်နေရပါတယ်။

ဒေသခံပြည်သူတစ်ဦးက “တိုက်ပွဲတွေရှိတော့ ပြည်သူလူထုတရပ်အနေနဲ့ လုပ်ကိုင်စားသောက်ရ အဆင်မပြေဘူး။ ဘာကြောင့်ဆို လယ်ထဲဆင်းတဲ့အချိန် ရောက်နေပြီ၊ လယ်ထဲမှာလည်း မဆင်းနိုင်ဘူး။ နောက်ပြီး အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင်ကလည်း ရှာပါးတယ်။ စစ်ရေးကြောင့် လက်လုပ်လက်စားသမားတွေ ဘယ်လိုမှ အဆင်မပြေဘူး။ သွားလည်းမရဲ၊ လာလည်းမရဲဘူး”လို့ ဆိုပါတယ်။

မိုးကာလရောက်ရှိလာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတဲ့အပြင် ရောဂါဖြစ်ပွားနေသူတွေကို လတ်တလော ဆေးဝါးကုသမှုပေးနိုင်ဖို့ အရေးပေါ်ဆေးဝါးတွေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးအဖွဲ့(KDHW) တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဧပြီလအတွင်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်ဖွဲ့ဝင်တို့ တိုက်ပွဲပေါင်း  ၃၈၃ ကြိမ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၇၃ ဦး သေဆုံးပြီး ၈၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မေလအတွင်းမှာ တိုက်ပွဲပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ရင်းမှူး ၂ ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး တပ်ခွဲမှူးအပါအဝင် ၁၀၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013