
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေဟာ လက်နက်ကိုင်လုံခြုံရေးတွေနဲ့အတူ ဇွန် ၆ ရက်နေ့ မ နက် ၈ နာရီက စတင်ပြီး မီတာခတွေ အဓမ္မလိုက်လံကောက်ခံနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
“မနက်ခင်းပိုင်း ကျောက္ကာလမ်းမီးပွိုင့်ကနေ အရှေ့ဘက်လှည်းတန်းရပ်ကွက် ကျောက္ကာလမ်းဘေး အိမ်တွေ လိုက်ကောက်နေတယ်။ အရပ်ဝတ်လက်နက်ကိုင်ထားတဲ့ အဖွဲ့ ၉ ယောက်လောက်နဲ့ လျှပ်စစ်ဌာနက ကောင်တွေခ ၄ ဦးပါမယ်ဗျ။ လက်ထဲမှာလည်း မီးတာဖတ် စာရွက်တွေလည်းအများကြီးပဲ။ မီတာဆောင်ခိုင်းတာက ၄ လစာ ဆောင်ခိုင်းနေတာ။ အခုလို ခေတ်ပျက်နေတဲ့အချိန် မီတာဆောင်ခိုင်းတာကတော့ မတရားအနိုင်ကျင့်လွန်းတယ်။ နောက်ပြီး တာဝန်ရှိဝန်ထမ်းတွေဆိုရင် ယူနီဖောင်းလေးတော့ ဝတ်သင့်တယ်။ အခုဟာက အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ပြီး လာတောင်းတာဆိုတော့ သူခိုး၊ ဓားပြလိုလို ဘာလိုလိုနဲ့ ဆိုတော့ အိမ်ရှင်တွေက ကြောက်ကြတာပေါ့” လို့ အမည်မဖော်လိုတဲ့ အိမ်ရှင်တဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီက ပြည်သူကို လက်နက်ပြ ခြိမ်းခြောက်ပြီး မီတာခကောက်တာဟာ စက်ကြေးတောင်းတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး ဒေသတွင်း နယ်မြေမတည်ငြိမ်တာတပိုင်း၊ ကိုဗစ်-၁၉ ဖြစ်တာတပိုင်းနဲ့ ဒေသတွင်း အလုပ်ကိုင်မရှိဘဲ စီးပွားရေးခက်ခဲနေတဲ့အချိန်မှာ အခုလို အတင်းအကျပ် မီတာကောက်ခံတာဟာ ဒေသခံတွေ ပိုမိုစားဝတ်နေရေး အကျပ်အတည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။