DVB Logo
Home
မြန်မာသတင်း
တလအတွင်းတိုက်ပွဲ ၄၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၀၀ ကျော်သေဆုံးဟု ကေအန်ယူ ထုတ်ပြန်
DVB
·
June 5, 2022
တလအတွင်းတိုက်ပွဲ ၄၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၀၀ ကျော်သေဆုံးဟု ကေအန်ယူ ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ မေလ တလတာအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်စုစုပေါင်း ၄၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀၃ ယောက်သေဆုံးကာ  ၂၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အဆိုပါ နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်(BGF)တွေကြား နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၆ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူအရေအတွက်ကတော့ ၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

တလတာတိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇ ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူအရေအတွက်ကတော့ ၂၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်တရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရတည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013