DVB Logo
Home
မြန်မာသတင်း
ဟတ်ယိုင်တွင် ထိုင်းလူမျိုး ၁ ဦးအသတ်ခံရပြီးနောက် အနီးတဝိုက် ပိုက်စိပ်တိုက်ရှာဖွေ၊ တရားမဝင် မြန်မာ ၁၇၇ ဦး ဖမ်းဆီးခံရ
DVB
·
June 3, 2022
ဟတ်ယိုင်တွင် ထိုင်းလူမျိုး ၁ ဦးအသတ်ခံရပြီးနောက် အနီးတဝိုက် ပိုက်စိပ်တိုက်ရှာဖွေ၊ တရားမဝင် မြန်မာ ၁၇၇ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုအုပ်စုရှိ တောထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်ဖြတ်ပြီးမြေမြှုပ်ခံထားရတဲ့ ထိုင်းအမျိုးသား ၁ ဦးအလောင်းကို တွေ့ရှိပြီးတဲ့နောက် အဲဒီနေရာ အနီးတဝိုက်ကို  တာဝန်ရှိသူတွေက တောနင်းပြီး လူသတ်သမားကို ရှာဖွေရာမှာ ဇွန်လ ၁ ရက်ညက တရားမဝင်မြန်မာ ၁၉ ဦး နဲ့ ထိုင်းပွဲစား ၂ ဦးကို ဖမ်းဆီးမိပြီး စစ်ဆေးနေပါတယ်။ 

ဇွန်လ ၂ ရက်နေ့မှာလည်း  အဆိုပါတောစပ်နားက ဘန့်ခလောင်းပွမ်ရွာထဲမှာ ယောင်လည် လည်နဲ့ ရောက်လာတဲ့ မသင်္ကာတဲ့ လူစိမ်း ၁ ယောက်ကိုလည်း ဖမ်းထားပါတယ်။

တာဝန်ရှိသူတွေက အဆိုပါတောအုပ်ကို ပိတ်ဆို့ပြီး တနေကုန်ဆက်လက်ရှာဖွေရာမှာ လူသေမြှုပ်ထားတဲ့နေရာနဲ့ မနီးမဝေးမှာ မြန်မာစာနဲ့ “  ဓားပြတိုက်သည်” လို့ ထွင်းထုထားတဲ့ သစ် တုံးကြီးတစ်တုံးကိုလည်း တွေ့ခဲ့ပါတယ်။

ဒါကြောင့် အဲဒီတောဟာ လူမှောင်ခိုတွေ ခိုအောင်းသွားလာလေ့ရှိတဲ့ နေရာဖြစ်သလို ဓားပြမှုတွေလည်း ရှိတဲ့အတွက် မြန်မာအချင်းချင်း သတိပေးတဲ့အနေနဲ့ သစ်တုံးမှာ စာထွင်းထုထားဟန်တူတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ၆ ကီလိုမီတာခန့်အကွာမှာ ပွဲစားက လာပြီးစွန့်ပစ်ထားတယ်လို့ ယူဆရတဲ့ တရားမဝင်မြန်မာ အမျိုးသမီးရော အမျိုးသားပါ နောက်ထပ် ၄၈ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။

ဒါတင်မကသေးဘဲ တာဝန်ရှိသူတွေက ဘန့်ဖလုကျေးရွာအုပ်စုထဲမှာ ရှာဖွေစစ်ဆေးရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ ရပ်ကွက် ၈ တွင်းရှိ နေအိမ် ၂ လုံး အခန်းပေါင်း ၁၂ ခန်းမှာ ပုန်းအောင်းခိုလှုံနေတဲ့ နောက်ထပ် မြန်မာအလုပ်သမားစုစုပေါင်း ၁၀၉ ဦးကို တွေ့ရှိတယ်လို့ ဆိုပါ တယ်။

သူတို့ထဲမှာ အလောင်းတွေ့တဲ့ တောထဲနေခဲ့ဖူးသူတွေလည်းပါလို့ အဆိုပါသူတွေကို ခွဲထုတ်ပြီး လူသတ်မှုနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူရဲ့ တယ်လီဖုံးမှာ ပျောက်ဆုံးနေတဲ့အတွက် ဖမ်းဆီးထားသူတွေရဲ့ တယ်လီဖုံးနဲ့  ဒီအန်အေတွေကို အဓိက စစ်ဆေးရှာဖွေနေတာဖြစ်ပါတယ်။

ဒီဒေသမှာ ၂ ရက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦး အဖမ်းခံထားရပြီး သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မယ့်ပွဲစားကို စောင့်ဆိုင်းရင်း အဖမ်းခံကြရတာဖြစ်ပါတယ်။

အသတ်ခံရသူကတော့ အသက် ၄၀ ရွယ်ရှိ မက်ဒေါဘီဆန် ဆိုသူ လျှပ်စစ်ရုံး အလုပ်သမား ၁ ဦးဖြစ်ပြီး  ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေ ၃ နာရီကျော်လောက်က သူစီးသွားတဲ့ဆိုင်ကယ်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာပါ။

ဇွန် ၁ ရက်မှာ သူ့ဆိုင်ကယ်ကို ဂေါက်ကွင်းအနီးက ရေကန်ထဲမှာတွေ့လို့ ကယ်ဆယ်ရေးအဖွဲ့က ရေထဲလိုက်ရှာခဲ့ကြပါသေးတယ်။ အဲဒီနောက် ဂေါက်ကွင်းအနောက်ဘက် တောစပ်မှာ မြေပုံတစ်ခုတွေ့လို့ တူးဖော်ကြည့်ရာက မက်ဒေါဘီဆန်ကို ခြေရောလက်ပါကြိုးတုပ်၊ တကိုယ်လုံး ရိုက်နှက်ခံထားရတဲ့ အလောင်းအနေနဲ့ပြန်တွေ့ခဲ့ပါတယ်။ 

ဘန့်ဖလုကျေးရွာအုပ်ချုပ်ရေးမှူးကတော့ မက်ဒေါဘီဆန်ဟာ လူကောင်းတယောက်ဖြစ်ပြီး ဘယ်သူနဲ့မှပြဿနာမရှိ ခိုက်ရန်ဖြစ်ပွါးတာလည်း မရှိကြောင်း ၊ သူဟာ တောထဲဖြတ်သွားရင်း တရားမဝင်ခိုးဝင်လာသူတွေနဲ့ တိုးမိလို့ နှုတ်ပိတ်တဲ့အနေနဲ့ အသတ်ခံလိုက်ရတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013