DVB Logo
Home
မြန်မာသတင်း
အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ပလက်ဝဒေသခံများ စစ်ဘေးရှောင်
DVB
·
June 3, 2022
အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ပလက်ဝဒေသခံများ စစ်ဘေးရှောင်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ မေ ၂၆ ရက်ကဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ညောင်ချောင်းနဲ့ မဟာမုနိ ဒုက္ခသည်စခန်းတွေဆီကို ပလက်ဝနယ်က စစ်ဘေးရှောင်တွေရောက်လာတယ်လို့ ကျောက်တော်မြို့နယ်၊ တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။

လတ်တလောမှာအသစ်ရောက်လာသူတွေနဲ့ ပေါင်းရင်  ကျောက်တော်မြို့နယ်တွင်း စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည် ၂၀,၀၀၀ နီးပါးရှိနေပြီး တိုက်ပွဲတွေပိုဆိုးလာရင် စစ်ရှောင်တွေ ပိုများလာဖို့ပဲရှိတယ်လို့ ဆိုပါတယ်။ 

မေလဆန်းကစပြီး မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် အမိုးအကာတွေ ပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိ အကုန်ပြန်မပြင်နိုင်သေးဘူးလို့လည်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။

"အမိုးအကာတွေကလည်း မကောင်းဘူး။ ဟိုတလောက မုန်တိုင်းတိုက်ထားတာလည်း ရှိတယ်။ စစ်ဘေးရှောင်တွေဆို မေလ ၉ ရက်နေ့က အိမ်ပေါင်း ၃၀၀ ကျော်လောက် မီးလောင်ထားတာရှိတယ်။ ရုန်းကန်နေကြရတာပေါ့။ တော်တော်ဒုက္ခရောက်တယ်။ အစိုးရက ထောက်ပံ့တာလည်း နည်းလာတယ်။ အလှူရှင်တွေကလည်း နည်းလာတယ်။ စားရေးသောက်ရေး ကျန်းမာရေးကအစ အကုန်လုံး အဆင်မပြေဘူးပေါ့။ အခြေအနေက ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ တိုက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းအပေါ်မှာ မူတည်တယ်။ အရင်က စစ်ဘေးရှောင်က ရခိုင်ပြည်နယ်မှာ ၂၀၀,၀၀၀ နီးပါး ရှိတာပေါ့လေ။ အခု တချို့ကလည်း ပြန်ကုန်တာဆိုတော့ အခု ၂၀,၀၀၀ နီးပါးလောက်တော့ ကျန်သေးတယ်။ နေရပ်ပြန်လို့မရတဲ့ လူတွေပေါ့။ ပလက်ဝမှာ တိုက်ပွဲတွေစဖြစ်တာနဲ့ ဒုက္ခသည်က တိုးလာတယ်။ တိုးဖို့ပဲရှိတယ်။ လျော့ဖို့အခြေအနေတော့ မမြင်ပါဘူး။ အလှူရှင်က တော်တော်နည်းတယ်။ အခုနောက်ပိုင်း အလှူရှင်က မရှိသလောက်ပဲ။"

၂၀၂၀ မတ်လတုန်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ အိမ်ခြေ ၁,၀၀၀ ကျော်၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ တင်းမရွာသားတွေဟာ ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာ စစ်ဘေးဒုက္ခသည် စခန်းတွေကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ 

အဲ့ဒီတုန်းက အစိုးရ၊ အလှူရှင်တွေနဲ့ WFP တို့ဆီက အကူအညီတချို့ ရခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အလှူရှင်မရှိသလောက် ဖြစ်နေပါတယ်။

ကျောက်တော်မြို့၊ စစ်ရှောင်စခန်း တာဝန်ရှိသူ ဦးတင်လှိုင်က "ကျနော်တို့ အခုလက်ရှိ နေနေရတာက လေမုန်တိုင်းတိုက်ပြီးတော့ အဆောင်အမိုးအကာတွေ အကုန်လန်သွားတယ်။ အခုထက်ထိ ဆောက်လို့မပြီးသေးဘူး။ အပေါ်က မိုးယိုနေတာ နေနေရတယ်။ စားဝတ်နေရေးကတော့ တလမှာ ပြောမယ်ဆိုလို့ရှိရင် နို့ဆီဘူး မနက်တလုံး ညတလုံး ရတာပေါ့နော်။ ကျနော်တို့က တောသူတောင်သားတွေဆိုတော့ တဘူးနဲ့မဝနိုင်ဘူး။ အဲ့ဒါကြောင့်မို့ အပြင်မှာ အငှားလိုက်၊ သူများအလုပ်ကို သွားပြီးတော့လုပ်တယ်။ ပိုက်ဆံရတော့မှ မလောက်တဲ့ဆန်ကိုဝယ်တယ်။ ကျန်းမာရေးကလည်း စခန်းမှာ ဖွင့်ထားတယ် ဆိုပေမဲ့လည်း အရေးကြီးရင် အပြင်မှာ ဆေးကုသမှု ခံယူရတယ်။ ကျနော်တို့မှာ ပိုက်ဆံက မလောက်နိုင်။ အလုပ်က တနေ့မှာ ၅,၀၀၀၊ ၆,၀၀၀ အဲ့ဒီလိုမျိုးတွေရတယ်။ အဲ့ဒါနဲ့ မလောက်၊ မကာမိဘူး" လို့ ပြောပါတယ်။

ကျောက်တော်မြို့ဟာ စစ်တွေ-ပလက်ဝ သင်္ဘောလမ်းပေါ်မှာ တည်ရှိပြီး ပလက်ဝမြို့နယ်နဲ့ ကုန်စည်ပို့ဆောင်ဆက်သွယ်ရေး ပြုလုပ်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးသင့်ပြည်သူ ၇၀,၀၀၀ ကျော်ရှိခဲ့ပြီး စခန်းပြင်ပ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတဲ့ ပြည်သူ ၅၀,၀၀၀ ကျော်၊ စုစုပေါင်း စစ်ရှောင် ၁၂၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013