DVB Logo
Home
မြန်မာသတင်း
မန္တလေး ပဲဈေးကွက်တွင် ပဲယင်းဈေးနှုန်း မြင့်တက်
DVB
·
June 2, 2022
မန္တလေး ပဲဈေးကွက်တွင် ပဲယင်းဈေးနှုန်း မြင့်တက်
Donate to DVB

မန္တလေးပဲဈေးကွက်မှာ  ပဲယင်းဈေးနှုန်းဟာ မနှစ်က ကာလတူအချိန်ထက် ၃ တင်းဝင် တအိတ်ကို ငွေကျပ် ၁၅၀,၀၀၀ လောက်အထိ မြင့်တက်နေပြီး ၅ နှစ်အတွင်းမှာ အမြင့်ဆုံးဈေးကို ရောက်ရှိနေတယ်လို့ မန္တလေးမြို့က ပဲကုန်သည်တွေဆီက သိရပါတယ်။ 

၂၀၂၁ ခုနှစ်ပဲရာသီမှာ ပဲယင်း ၃ တင်းဝင် တအိတ်ကို ငွေကျပ် ၁၃၅,၀၀၀ ရှိခဲ့ပြီး အခုအချိန်မှာတော့ ငွေကျပ် ၁၅၀,၀၀၀  အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးက ပဲကုန်သည်တဦးက “ပဲယင်းကို တသိန်းခွဲ ရောက်ဖူးတဲ့နှစ် တခါမှမရှိခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ရာသီမှာ ပဲယင်းဟာ ၁၃၅,၀၀၀ ဈေးပဲရှိခဲ့တယ်။ ဒီနှစ် ၂၀၂၂ ကတော့ စောစောစီးစီးပဲ စံချိန်တင်မြင့်တက်တယ်လို့ ပြောလို့ရတယ်။ ၅ နှစ်အတွင်းမှာ စံချိန်တင်မြင့်တက်လာတာကတော့ မကြုံဖူးသေးဘူး။ ၂၀၂၂ ဇန်နဝါရီက ထွက်ရှိတဲ့ပဲဟာဆိုရင် ဇွန်လဆန်းထဲမှာ  တသိန်းခွဲထိ ရောက်ရှိလာတာကတော့ မကြုံဖူးသေးဘူးလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ပဲယင်းကို ပြည်တွင်းမှာလည်း မုန့်လုပ်တဲ့ထဲမှာ ထည့်သွင်းစားသလို ပြုတ်စားကြတာတွေလည်း ရှိပါတယ်။ ပဲယင်းဈေးနှုန်း အခုလို မြင့်တက်လာတာဟာ ပြည်တွင်းစားသုံးသူတွေအတွက် အခက်အခဲဖြစ်သလို တရုတ်က ဈေးနှိမ်ဝယ်ယူမှုတွေလည်း ရှိနေတယ်လို့ မန္တလေးက ပဲကုန်သည်တယောက်က ပြောပါတယ်။

“ပဲယင်းကို တရုတ်၊ အိန္ဒိယတင်မကဘူး၊ ခါတိုင်းနှစ်တွေမှာဆိုရင် ဥရောပနိုင်ငံတွေကိုလည်း ပို့ဆောင်ခဲ့ရတာတွေကိုလည်း ရှိခဲ့ပါတယ်။ အခုဟာက လမ်းခရီးမပေါက်တော့ အစစ်အဆေးများတာနဲ့ တရုတ်ဝယ်လက်က ဟိုလိုမှ ဒီလိုမှနဲ့ဖြစ်နေတော့ အိန္ဒိယ ဝယ်လက်ကိုပဲ အားကိုးရမလို ဖြစ်နေတာပါ။ အရင်လို လမ်းခရီးမှာ အစစ်အဆေးနည်းမယ်၊ တရုတ်ကလည်း နှိမ်မဝယ်ဘူး၊ ကိုယ့်ဘက်က ဈေးကိုင်နိုင်မယ်ဆိုရင်တော့ ဒီထက်ဈေးကောင်းလာနိုင်ဖို့ ရှိနေသေးတယ်။”

ပဲယင်းဟာ ပေါ်ဦးပေါ်ဖျားအချိန်ထက် ၅၀,၀၀၀ ကျော်လောက်အထိ မြင့်တက်လာပြီး စံချိန်တင် မြင့်တက်နေတယ်လို့ မန္တလေးမြို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

ပေါ်ဦးပေါ်ဖျားအချိန်  ဇန်နဝါရီလက  ပိဿာ ၆၀ ဝင် ၃ တင်းတအိတ်ကို ငွေကျပ် ၉၈,၀၀၀ ရှိခဲ့ပြီး အခုအချိန်မှာတော့ တအိတ်ကို ငွေကျပ် ၁ သိန်းခွဲလောက်အထိ ဈေးနှုန်းမြင့်တက်လာတာကြောင့် ပေါ်ဦးစအချိန်နဲ့ယှဉ်ရင် ငွေကျပ် ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

ပဲယင်းကို မန္တလေးပဲဈေးကွက်အတွင်းမှာ မတ္တရာ၊ စဉ့်ကူး၊ မုံရွာ၊ ပခုက္ကူဘက်တွေကနေ ဝင်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013