DVB Logo
Home
မြန်မာသတင်း
မန္တလေး ပဲဈေးကွက်တွင် မြေတောက်ပဲ ပေါ်ဦးပေါ်ဖျား အမြင့်ဈေးဖြင့် စတင်
DVB
·
January 19, 2022
မန္တလေး ပဲဈေးကွက်တွင် မြေတောက်ပဲ ပေါ်ဦးပေါ်ဖျား အမြင့်ဈေးဖြင့် စတင်
Donate to DVB

မန္တလေးပဲ ဈေးကွက်အတွင်းကို မြေတောက်ပဲတွေ စတင်ဝင်ရောက်နေပြီဖြစ်ပြီး ပေါ်ဦးပေါ်ဖျား အချိန်မှာ မနှစ်ကထက် ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ်  ၄ သောင်းလောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ မန္တလေး ပဲ၊ နှမ်းကုန်သည်တွေဆီက သိရပါတယ်။

မနှစ်က မြေတောက်ပဲပေါ်ဦးပေါ်ဖျားအချိန်မှာ ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ကျပ်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၄၅,၀၀၀ ပေါက်ဈေးရှိနေတာကြောင့် မနှစ်ကထက် ၄ သောင်း မြင့်တက်နေတာပါ။

“မြေတောက်ပဲဟာ ဇန်နဝါရီလထဲမှာ ပေါ်ဦးပေါ်ဖျားအချိန် မနှစ်က တစ်သိန်းငါးထောင် ရှိတယ်၊ ဒီနှစ်ပေါ်ဦးပေါ်ဖျားဈေးကတော့ တစ်သိန်း လေးသောင်းငါးထောင်ပေါက်ဈေးရှိတယ်။ ၂၀၂၁ နဲ့စာရင်တော့ ၃ တင်းတစ်အိတ်ကို ၄ သောင်းဈေးနှုန်းပိုရတယ်” လို့ မန္တလေးမြို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ 

မြေတောက်ပဲဟာ ပူတဲ့ဒေသတွေနဲ့ မိုးများတဲ့ ဒေသ တောင်ပေါ်ဒေသတွေမှာလည်း စိုက်ပျိုးဖြစ်ထွန်းမှုမရှိဘဲ ရာသီဥတု မပူမနွေး အရပ်ဒေသတွေမှာသာ စိုက်ပျိုးထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ 

အခုဗန်းမော်ကနေ ထီးချိုင့်မြို့နယ် အောက်ပိုင်းတွေ မတ္တရာစဉ့်ကူးလောက်အထိကို မြေတောက်ပဲ စိုက်ပျိုး မရရှိနိုင်ဘူးလို့ သိရပါတယ်။  

မြေတောက်ပဲကို ချင်းတွင်မြစ် ဝှမ်းတစ်လျောက်က ကလေး၊ ကလေးဝ၊ ဂန့်ဂေါမြို့နယ်တွေဟာ စိုက်ပျိုးအောင်မြင်လေ့ရှိပြီး အိန္ဒိယနိုင်ငံကို အဓိက ထားတင်ပို့ရောင်းချရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်လောက်က စတင်ပြီး တရုတ်ပြည်ဈေးကွက်ကိုလည်း စမ်းသပ်တင်ပို့ရောင်းချရာမှာ တရုတ်စားသုံးသူတွေ ကြိုက်နှစ်သက်တာကြောင့် တရုတ်ပြည်ကိုလည်း အနည်းငယ်တင်ပို့နေရတယ်လို့ သိရပါတယ်။

“ချင်းတွင်းမြစ်ဝှမ်းဒေသတွေမှာဆိုရင်တော့ ကလေး၊ ကလေး၀ ဂန့်ဂေါမြို့နယ်တွေမှာ စိုက်ပျိုးထွက်ရှိတယ်။ ပဲစင်းငုံအနေအထားကတော့ ကျနော်တို့ အဓိက အိန္ဒိယ နိုင်ငံကို တင်ပို့တယ်။  လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီးတော့ တရုတ်ပြည်ဈေးကွက်ကို တင်ပို့ရင်းနဲ့ တရုတ်စားသုံးသူတွေက နှစ်ခြိုက်လာရင်းနဲ့  တရုတ်ပြည်ဈေးကွက်ကို တင်ပို့နေရတာလည်း ငါးနှစ်လောက်ရှိပါပြီ။ နိုင်ငံကြီးနှစ်နိုင်ငံကနေပြီးတော့ အဓိက ဖောက်သည်အနေနဲ့ တင်ပို့နေရတယ်။  ဒိထက် မကပါဘူး ဥရောပနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကိုလည်း အထိုက်အလျောက် တင်ပို့နေရတာတွေလည်းရှိတယ်။ ဒီအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆိုရင် မြေတောက်ပဲကို တန်ဖိုးထားပြီးတော့ တခြားပဲတွေလို တန်ဖိုးထားပြီးတော့ စားသုံးကြတယ်။ ဈေးလည်း အဲ့ဒီဘက်မှာကြီးတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ကတော့ မြေတောက်ပဲ သူတို့လည်း စိုက်တယ်။ မြန်မာပြည်က မြေတောက်ပဲလည်း သူတို့ ဝယ်ယူတယ်” လို့ မန္တလေး ပဲပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

အိန္ဒိယနိုင်ငံက သန့်စင်အောင်ပြုလုပ်ပြီး တခြားဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေရတာ ဖြစ်တာကြောင့် အိန္ဒိယနိုင်ငံလို ကုန်ချောပြုလုပ်ရောင်းချနိုင်ဖို့ကိုလည်း တီထွင်ဆန်းသစ်သင့်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ မြေတောက်ပဲဟာ တစ်နှစ်မှာ တစ်ရာသီသာ စိုက်ပျိုး ထွက်ရှိတဲ့သီးနှံ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013