DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပို့စ်Share မှုဖြင့် ပေါင်းတလည်မြို့နေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
DVB
·
June 1, 2022
ဖေ့စ်ဘွတ်ခ်ပို့စ်Share မှုဖြင့် ပေါင်းတလည်မြို့နေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှာနေတဲ့ မမိုးချမ်းမြေ့ခင်အမည်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက်ကို စစ်ကောင်စီက သူနေထိုင်ရာ အိမ်ကနေ မေလ ၂၈ ရက်က လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။  

မမိုးချမ်းမြေ့ခင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပို့စ်တခု Share မှုနဲ့  စစ်ကောင်စီက စွပ်စွဲပြီး  ပေါင်းတလည်ရဲစခန်းမှာ ဖမ်းဆီးထားကာ လတ်တလော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။

မိန်းကလေးရဲ့ မိဘတွေနဲ့နီးစပ်တဲ့ပေါင်းတလည်မြို့ခံတယောက်က “သူ့မိဘတွေက သာမန် ပြည်သူတွေဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ကြပါဘူး၊ ဆန္ဒပြပွဲတွေလည်း တခါမှ မပါဘူးပါဘူး။ သူ့ကိုဖမ်းသွားတာ အခုဆိုရင် ၃ ရက်ရှိပြီ။ လာဖမ်းတာက ရဲတွေ၊ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အသက်ကအခုမှ ၁၄ နှစ်လောက်ပဲရှိဦးမယ်။ တကယ်ကျောင်း ဆက်တိုက်တက်ရမယ်ဆိုရင်အခုက ၈ တန်းပေါ့။ ကလေးမလေးကတော့ ဘာကို Share မိလိုက်ပြီး ဘယ်သူက သတင်းပေးလိုက်လို့လည်း မသိ အခုတော့ ပေါင်းတလည်ရဲစခန်းမှာ ဖမ်းထားတယ်” လို့ ပြောပါတယ်။  

ဖမ်းဆီးခံနေရတဲ့ မိန်းကလေးပြန်လည်လွတ်မြောက်လာဖို့အတွက် ပေါင်းတလည်ရဲတပ်ဖွဲ့က ငွေကျပ်သိန်း ၆၀ တောင်းနေတယ်လို့လည်း သူ့မိဘရဲ့ မိတ်ဆွေဖြစ်သူက  ဆက်ပြီးပြောပါတယ်။ 

“သိန်း ၆၀ ပေးရင် ပြန်လွတ်ပေးမယ်လည်းပြောတယ်။ မနက်ဖန်ကို ပြည်ထောင်ကို ပိုမယ်လို့လည်း ပြောနေတော့ သူ့မိဘတွေ ဘာကိုယုံကြည်ရမှန်းမသိဘူး။ တတ်နိုင်ကြတာတော့မဟုတ်ဘူး။ ကိုယ့်သမီးက အပျိုပေါက်လေးဆိုတော့ တကယ်လွတ်မယ်ဆိုရင် မရှိရှိတာရှာရမှာပေါ့ တတ်နိုင်သူတွေတော့မဟုတ်ကြပါဘူး။ သားသမီးဇောဆိုတော့လည်း ဝိုင်းပြီး အကြံတောင်း အကူအညီတောင်းနေလို့၊ တကယ်ငွေပေးပြီးမှ လွှတ်မပေးရင် ဘယ်နှဲ့ လုပ်မလဲ။ ဘယ်သူ့ကိုမှလည်း တိုင်လို့ရတာမဟုတ်ဘူး၊ ရဲကပြောတာတော့ စစ်ကောင်စီကိုပေးရမှာလို့ပြောတာပဲ။”

ငွေကျပ်သိန်း ၆၀ တောင်းနေခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပေါင်းတလည်ရဲတပ်ဖွဲ့ထံကို ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်ကောင်စီတပ်တွေက ကျောင်းသားလူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်ပြန်လွှတ်ပေးတဲ့ ဖြစ်ရပ်တွေ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်ကလည်း  ပေါင်းတလည်မြို့မှာနေတဲ့ အသက်မပြည့်သေးတဲ့ လပြည့်ဆိုတဲ့ လူငယ်တယောက်ကို စစ်ကောင်စီက အခုလိုပဲ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တခု share လိုက်တာကြောင့် ဖမ်းစီးထားပြီး  ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ လူမှုကွန်ရက်တွေပေါ်မှာ ပြည်သူလူလူတွေတင်တဲ့  ပို့စ်တွေကို စောင့်ကြည့်နေပြီး NUG ၊ PDF နဲ့ ပတ်သက်တဲ့ ပို့စ်တွေကို Share တာ မှတ်ချက်ရေးတာ၊ Like ပေးတာတွေလုပ်တဲ့  အကောင့်ပိုင်ရှင်တွေကို နေ့စဉ်လိုလို  လိုက်လံရှာဖွေ ဖမ်းဆီး အမှုဖွင့်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013