DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ဘတ်စ်ကားမှတ်တိုင် ဗုံးပေါက်ကွဲမှု သေဆုံးသူကို စစ်ကောင်စီ စွပ်စွဲ
DVB
·
June 1, 2022
ရန်ကုန် ဘတ်စ်ကားမှတ်တိုင် ဗုံးပေါက်ကွဲမှု သေဆုံးသူကို စစ်ကောင်စီ စွပ်စွဲ
Donate to DVB

ရန်ကုန်မြို့လယ်၊ ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူဟာ ဗုံးဖောက်ခွဲသူဖြစ်တဲ့ အကြောင်းနဲ့ PDF သင်တန်းဆင်းတဦးဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက် ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။ 

မေ၃၁ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က  ရန်ကုန်၊  ကျောက်တံတားမြို့နယ်၊  အနော်ရထာလမ်းမပေါ် မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အနီး  ၃၅ လမ်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲပြီး အမျိုးသားတယောက် သေ၊ ၉ ယောက် ဒဏ်ရာရခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဗုံးဖောက်ခွဲတဲ့သူကို ဖော်ထုတ်ရရှိပြီး ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ တဦး သေတယ်။ ၉ ဦးဒဏ်ရာရရှိတယ်။” လို့ ပြောပါတယ်။

သေဆုံးသူဟာ အောင်ကြီးခေါ် ထိန်လင်းထွန်း၊ အသက် ၂၆ နှစ်ဖြစ်ပြီး ဘယ်ဆိုင်မှန်းမသိသေးတဲ့ ကွန်ပျူတာဆိုင်မှာလုပ်တဲ့ အလုပ်သမားတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးတော့ ကားမှတ်တိုင်ကို ဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကိုပြသပြီး အိတ်ထဲမှာ ဗုံးထည့်လာတယ်ဆိုတဲ့အကြောင်းနဲ့ မဖောက်ခွဲခင်မှာ ပေါက်ကွဲသွားတဲ့သဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျန်ခဲ့တဲ့ဖုန်းကို ကျနော်တို့ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ သူ့ကို ခိုင်းထားတာတွေ ရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေပေါ့နော်။ သူကိုယ်တိုင်လည်း PDF တဦး ဖြစ်ပါတယ်။ သင်တန်းတက်ခဲ့တဲ့သူတယောက်လည်း ဖြစ်ပါတယ်။ နီးစပ်ရာကို အတည်ပြုပြီး ဖြစ်ပါတယ်” လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သေဆုံးသူကို စွပ်စွဲပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးတွင် ရှိနေတဲ့ ရဲထက်နိုင်(၃၂)နှစ်၊ နန္ဒမျိုးအောင်(၂၅)နှစ်၊ ဦးစောမင်းရွှေ(၅၉)နှစ်၊ ခန့်ဝေပိုင်(၁၉)နှစ်၊ မိုးဇော်ဦး (၄၅)နှစ်၊ မြင့်သန်းစိုး(၂၃)နှစ်၊ ကိုစိုင်းအောင်(၃၀)နှစ်၊ အောင်ကြီး(၃၀)နှစ်၊ အောင်နိုင်(၄၇)နှစ်တို့ ၉ ဦး မိုင်းစထိမှန်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုဖြစ်ပြီး ပြည်သူ့​တော်လှန်​ရေး အင်အားစုတွေအနေနဲ့ ပြည်သူကို ဘယ်​တော့မှ ထိခိုက်နစ်နာ​အောင် မလုပ်​ခဲ့ဘူးလို့  ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲနေတဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ကပြောပါတယ်။

“ဒီဗုံး​ပေါက်ကွဲမှုက တော်လှန်​ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကွက်ဆင် လုပ်ကြံမှုပဲ။ သူတို့ဗျူဟာက ပြည်သူကို ဓားစာခံလုပ်ပြီး ထိခိုက်အောင်လုပ်မယ်။ ပြည်သူ့​တော်လှန်​ရေးရဲ​ဘော်တွေနဲ့ ပြည်သူတွေကြားမှာ ​သွေးကွဲအောင် လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာပါ”လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း အရပ်သားပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013