
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၃ ယောက်ဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးစိုးမင်း နဲ့ ညီဖြစ်သူ ကိုကံစစ်မင်း တို့ဟာ ဇူလိုင် ၂၄ ရက် ည ၉ နာရီခွဲလောက်က သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးခဲ့ပြီး ညောင်ဦးမြို့နယ်၊ ကထရိုင်းတောကျေးရွာက စစ်တပ်အမာခံသတင်းပေး ဆိုသူ ဦးဉာဏ်ပိုဟာ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “အုပ်ချုပ်ရေးမှူး အပါအဝင် သေဆုံးသူတွေက အိမ်နေတွေမှာပဲ ပစ်သတ်ခံရတာ။ အားလုံး ပွဲချင်းပြီးသေဆုံးသွားတာ” လို့ပြောပါတယ်။
မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းနဲ့ညီဖြစ်သူတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ၇ ယောက်လောက်က ဆိုင်ကယ်တွေနဲ့လာပြီး ပစ်သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ်၊ ထရိုင်းတောကျေးရွာက စစ်တပ်အမာခံသတင်းပေး ဆိုသူ ဦးဉာဏ်ပို ကိုလည်း လက်နက်ကိုင်ဆောင်ထားသူ ၅ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ပစ်သတ်သွားတာလို့ဆိုပါတယ်။
ညောင်ဦးမြို့နယ်က ဒေသခံတယောက်က “ဦးဉာဏ်ပို ရှိလား မေးတယ်။ ရှိပါတယ် ပြောချိန် ခင်ဗျားလား မေးပြီး အိမ်ရှေ့ကိုခေါ်ထုတ်ပြီး သေနတ်နဲ့ပစ်သတ်သွားတာ” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်အာဏာရှင်တပ်က စစ်ဆေးမေးမြန်တာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။










