DVB Logo
Home
မြန်မာသတင်း
နိုင်ငံကိုလက်နက်ဖြင့်တည်ဆောက်နေသဖြင့် ထိခိုက်မှုကြီးမားနေဟု SNLD ခေါင်းဆောင်ပြော
DVB
·
May 26, 2022
နိုင်ငံကိုလက်နက်ဖြင့်တည်ဆောက်နေသဖြင့် ထိခိုက်မှုကြီးမားနေဟု SNLD ခေါင်းဆောင်ပြော
1 / 10
Donate to DVB

ပညာကို အခြေခံပြီးတည်ဆောက်ရမယ့်ခေတ်ကို ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်သလိုဖြစ်နေလို့ ထိခိုက်မှုကြီးမားနေပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေတယ်လို့  SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ 

ဒီကနေ့ ၂၆ ရက်မနက်က ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စတင်ကျင်းပတဲ့ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အခုလို ပြောကြားသွားတာပါ။ 

ပါတီညီလာခံကို ၃ နှစ် ၁ ကြိမ် ကျင်းပတာဖြစ်ပြီး ၃ နှစ်တာကာလအတွင်း ပါတီလှုပ်ရှားမှုနဲ့ အားနည်းချက်အားသာချက်တွေကို ပါတီဥက္ကဋ္ဌက သုံးသပ်ပြောကြားရာမှာ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအတွက် ဘောင်ကျဉ်းနေပြီး လက်နက်ရှိမှ လူရာဝင်သလိုဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။ 

“အခုခေတ် အခုအချိန်ကာလမှာ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ပညာကို အခြေခံပြီးတည်ဆောက်ကြရတဲ့ခေတ်ကို ရောက်နေပါပြီ။ ပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပါပြီ။  ကံမကောင်းအကြောင်းမလှတော့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်နေတာကို သတိပြုမိကြပါလိမ့်မယ်။ လက်နက်မရှိရင် မျက်နှာငယ်ရတယ်၊ လူရာမဝင်သလိုဖြစ်ရတယ်၊ နေရာတိုင်းမှာ လက်နက်ကိစ္စက အရေးပါ သလိုဖြစ်နေတယ်။  လက်နက်မရှိရဘူးလို့ ကျနော်တို့မဆိုလိုပါဘူး၊ လက်နက်ရှိဖို့ လိုအပ်ပါတယ်။ သို့သော် လက်နက်နေရာမှာပဲ လက်နက်ရှိဖို့လိုပါတယ်၊ လက်နက်မလိုတဲ့နေရာမှာ လက်နက် မရှိစေချင်ပါဘူး။ အခုတော့ ကျနော်တို့က နေရာတကာမှာ လက်နက်ဖြစ်နေတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရဲ့အခန်းကဏ္ဍတွေပျောက်နေတယ်၊ တခြားပညာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေနောက်ကျနေတယ်ဆိုတဲ့အတွက် အလွန်ကို ထိခိုက်မှုကြီးမားတယ်လို့ ပြောကြားလိုပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နေချိန် ကျနော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ အဖွဲ့အစည်းဖြစ်နေဆဲ ဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ ဒါကိုပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ယူဆပါတယ်၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဟာဆိုရင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးက တဖြည်းဖြည်းနဲ့ ယုတ်လျော့ကျဆင်းနေပါတယ်။”

ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခန်းကဏ္ဍ အလွန်အမင်းထိခိုက်နစ်နာနေတာ အင်မတန် ထိခိုက်ဝမ်းနည်းစရာကောင်းသလို နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အဆမတန်ကျဆင်းနေတာနဲ့အမျှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းတွေကလည်းပဲ အင်မတန် ခက်ခဲကျပ်တည်းနေရ၊ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါက ဒီနိုင်ငံဟာ ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေကြောင်း၊ ဒီအတွက် SNLD အနေနဲ့ စိတ်ပူပန်မှုဖြစ်ရကြောင်း၊ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နိုင်ငံရေးပါတီတရပ်အနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ကာကွယ်မပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းရတယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ 

လက်ရှိအခြေအနေမှာ နိုင်ငံရေးဘောင်ကျဉ်းနေပေမယ့် SNLD ပါတီအနေနဲ့ကတော့ အကြိမ်ကြိမ် လဲကျ၊ အကြိမ်ကြိမ်ပြန်ထဆိုတဲ့ ထုံးနှလုံးမူပြီး ပါတီရဲ့ အမြင့်ဆုံး အန္တိမရည်မှန်းချက်ကို ဦးတည်ကာ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တဦးတယောက်ရဲ့ အာဏာပေါ် မူမတည်ဘဲ စုပေါင်းခေါင်းဆောင်မှုနဲ့ ပါတီက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမယ်၊ ပါတီနည်းဗျူဟာတွေ ပြောင်းလို့ရပေမယ့် ပါတီရဲ့ မဟာဗျူဟာ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ ရာထူးကြောင့်ပဲဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ၊ ဖိအားပေးမှုကြောင့်ဖြစ်စေ ပါတီမူဝါဒ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပါတီဝင်တိုင်းဟာ ပါတီရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့လိုအပ်ကြောင်း၊ ရည်မှန်းချက်မျက်ခြည်ပြတ်က လမ်းကြောင်းလွှဲသွားပြီး မူလရည်မှန်းချက်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်သွားတတ်ကြောင်း၊ တချို့အဖွဲ့အစည်းမှာ အာဏာရှင်ကို တော်လှန်ဖို့ ရည်မှန်းဆောင်ရွက်ရင်း မျက်ခြည်ပြတ်တော့ သူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမ သိဖြစ်သွားတာ၊ တချို့မှာ မူလရည်မှန်းချက်နဲ့ ပြောင်းပြန်ဖြစ်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီကိုယ်စားလှယ်တွေ သန့်သန့်ရှင်းရှင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ခံခဲ့ရကြောင်းနဲ့  အနိုင်ရ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရပေမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အဖြစ် သက်ဆိုင်ရာ မဲဆန္ဒယ်နယ်က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ကြဖို့ ပါတီ ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။ 

လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးကို ကြုံတွေ့နေရပါစေ၊ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းရဲ့ ထုံးစံဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ကြတဲ့ အခြေအနေမျိုးရောက်ရှိ လာအောင် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ပါတီဥက္ကဋ္ဌက ပြောသွားပါတယ်။ 

SNLD ဟာ ငွေကြေးအရာမှာဆင်းရဲပေမယ့် ဂုဏ်သိက္ခာအရာမှာကြီးမားကြောင်း၊ ပါတီဝင်အင်အားနည်းပါးပေမယ့် ထိုက်တန်တဲ့ နိုင်ငံရေးခွန်အားရှိကြောင်း၊ ပါတီဟာ ဒေသအရ ကျယ်ပြန့်မှုနည်းပေမယ့် စုစည်းညီညွတ်မှုခိုင်မာကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသွားပါတယ။ 

SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ - ၂၇ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဒီကနေ့ ညီလာခံကို ပါတီဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်နဲ့ အဖွဲ့ဝင်တွေ မိတ်ဖက်ပါတီတွေရော  နိုင်ငံခြားသံရုံးမှ လေ့လာသူတွေပါ   စုစုပေါင်း  ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ 

တခြားနိုင်ငံရေးပါတီနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ စုစုပေါင်း ၂၉ ဖွဲ့ကလည်း ညီလာခံကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013