DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်ပြောင်းမည်မဟုတ်ဟု ပါတီခေါင်းဆောင်ပြော
DVB
·
February 8, 2022
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်ပြောင်းမည်မဟုတ်ဟု ပါတီခေါင်းဆောင်ပြော
Donate to DVB

ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့  ရပ်တည်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၇ ရက်ကျင်းပတဲ့  ၇၅ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့မှာ ပြောဆိုလိုက်တာဖြစ်ပြီး SNLD ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီမူကိုဆက်လက်ဆုပ်ကိုင်ထားတယ်လို့လည်း ပြောပါတယ်။

ပြည်သူတွေဟာ ကိုဗစ်ကာလမှာ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ရတဲ့အပြင် လတ်တလော တိုက်ပွဲတွေကြောင့် အခက်အခဲတွေကြီးမားနေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။

ပါတီရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး အမြဲတမ်းဆန်းစစ်မှုတွေပြုလုပ်နေပြီး မြို့နယ်အသီးသီးက ပါတီခေါင်းဆောင်တွေကိုလည်း ပြန်လည်စုစည်းနေတယ်လို့ဆိုပါတယ်။

SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က "ကိုယ့်ရပ်တည်ချက်နဲ့ခိုင်ခိုင်မာမာရပ်တည်နေတဲ့ပါတီဖြစ်ပါတယ်။ ရာထူးနေရာကြောင့်ပဲဖြစ်ဖြစ် ခြိမ်းခြောက်ဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ရပ်တည်ချက်က ဘယ်လိုမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောကြားချင်ပါတယ်။ အစွန်းတရားတွေကနေ လွတ်မြောက်အောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းဆန်းစစ်ဝေဖန်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ တိုက်ခိုက်မှုတွေကို ငြိမ်သက်ပြီးဆုံးသွားအောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး နည်းလမ်းတကျပါဝင်ဖြေရှင်းခဲ့တာလည်း နှစ်နဲ့ချီပြီးကြာခဲ့ပါပြီ။ အောင်မြင်မှုတွေရှိခဲ့သလို မအောင်မြင်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တာဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်သည်းညည်းခံပြီး ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ အကျပ်အတည်းပေါင်းစုံ အားလုံးတွေ့နေရတာဖြစ်တဲ့အတွက် ခါတိုင်းထက်ပိုပြီး ညီညွတ်မှုကို ဦးထိပ်ထားကြဖို့၊ အခြေအနေတွေကို သဘောပေါက်ပြီး တယောက်နဲ့ တယောက်အကူအညီတွေပေးကြဖို့ လိုအပ်ပါတယ်။"လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မငြိမ်သက်မှုတွေဖြစ်နေသလို ရှမ်းပြည်နယ်တွင်းမှာလည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ အနိုင်ကျင့်မှုကြောင့် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

SNLD အနေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ပါတီဝင်တွေရဲ့ ချွေးနည်းစာတွေကို စုဆောင်းပြီး အလှူငွေ ၇၅ သိန်းကို စစ်ဘေးရှောင်တွေအတွက်   လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။  

"ဒီနေ့မြန်မာနိုင်ငံရဲ့ပြဿနာတွေဟာ အရမ်းကို ရှုပ်ထွေးပြီးတော့ နက်နဲလွန်းပါတယ်။ ဘယ်နည်းလမ်းနဲ့ဖြေရှင်းရမယ်ဆိုတာ ပညာရှင်တွေနဲ့တော်တော်များများ တွေ့ဆုံဆွေးနွေးပြီးသမျှ အခုအချိန်အထိ ဘယ်သူမှ မှန်ကန်တဲ့နည်းလမ်းကို မတွေ့ကြရသေးပါဘူး။  မြန်မာနိုင်ငံရဲ့အကျပ်တည်းဆုံးနဲ့ အခက်ခဲဆုံးအချိန်ဆိုရင် မမှားလောက်ဘူးလို့ထင်ပါတယ်။ အဲ့ဒီအခက်အခဲတွေကလည်း အချိန်ကာလတစ်ခုအထိကြာရှည်ဦးမယ်ဆိုတာ ပညာရှင်တွေက ပြောကြားတယ်ဆိုတာ အသိပေးလိုပါတယ်။"

ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာပြောဖို့ထက် ဒေသခံပြည်သူတွေအပေါ်ငဲ့ညှာဖို့ ဦးစိုင်းညွန်လွင်က တိုက်တွန်းပါတယ်။

"ရှမ်းတိုင်းရင်းသားတွေအချင်းချင်း အမုန်းတရားတွေရပ်ဆိုင်းနိုင်မှ  စစ်ပွဲတွေကို ဖြေလျှော့နိုင်မယ်။ အေးချမ်းသာယာရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ပြောနေတာမဟုတ်ပါဘူး။" 

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းပြီး ဖြေရှင်းပေးဖို့ကြိုးစားနေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။

၂၀၂၁ ဇူလိုင်လကစပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နဲ့ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့၊ တအာင်းပလောင်အဖွဲ့TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ရှမ်းပြည်မြောက်ပိုင်းဒေသခံပြည်သူတွေဟာ ကိုဗစ်ရောဂါကပ်ဘေး၊ စစ်တပ်အာဏာသိမ်းမှုနဲ့  ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Photo Credit-SNLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013