DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ၇ ချက် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ သဘောတူ
DVB
·
May 26, 2022
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ၇ ချက် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ သဘောတူ
1 / 2
Donate to DVB

အာဏာသိမ်း စစ်ကောင်စီနဲ့  ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့နဲ့ မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ မေလ ၂၃ ရက်မှ  ၂၅ ရက်နေ့ထိ ၃ ရက်ကြာ နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားဖို့၊ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် ရရှိဖို့၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ရေးအတွက် တင်ပြဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲအပြီးမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ မွန်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက ပြောပါတယ်။

“ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်လုပ်ပေးဖို့ အတည်ပြုနိုင်ခဲ့တယ်၊ နောက်တော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်သွားဖို့လည်း ကျနော်တို့ထပ်မံပြီးတော့ အတည်ပြုခဲ့တယ်ခင်ဗျ။ နောက်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်သွားဖို့လည်း ထပ်မံပြီးတော့ သဘောထားတူညီမှု ရရှိခဲ့ပါတယ်။ နောက်တော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက်လည်း သဘောတူညီခဲ့ပါတယ်ခင်ဗျ။”

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ မွန်အများစု နေထိုင်တဲ့ ဒေသတွေရှိ စာသင်ကျောင်းတွေမှာ မွန်ဘာသာ တစ်ဘာသာကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားနိုင်ရေးအတွက် မူဝါဒ ချမှတ် အကောင်အထည် ဖော်ဆောင်သွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ မွန်ပြည်သစ်ပါတီဘက်က တင်ပြလာတဲ့ မွန်အမျိုးသားနေ့မှာ တရားဝင် ရုံးပိတ် ရရှိရေး၊ မွန်သံဃာတော်တွေရဲ့ ရာမညနိကယာဂိုဏ်းကို တရားဝင်သံဃအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရေးတို့ကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းအတွက် အကောင်းဆုံး ရလဒ် တစ်ခု မဟုတ်ပေမယ့် အားရကျေနပ်မှု ရှိတယ်လို့ ပြောပါတယ်။

မွန်လူငယ်တစ်ဦးကတော့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဟာ အာဏာသိမ်း စစ်ကောင်စီထံ သွားရောက် တောင်းဆိုလို့ မရသလို စစ်ကောင်စီက ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူချက်တွေဟာ လက်ရှိနိုင်ငံရေး အခြေအနေအရ ဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“စစ်ကောင်စီကပေးမယ့် ဖယ်ဒရယ်တို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဆိုတာက ပြောရမယ်ဆိုရင် အိပ်မက်သက်သက်ပဲ တကယ်ကိုအိပ်မက်သက်သက်ပဲ။ တကယ်လို့သာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖယ်ဒရယ်သွားချင်တယ်ဆိုရင် စစ်ကောင်စီဆီမှာ သွားတောင်းလို့ မရဘူး။ ဖယ်ဒရယ်ဒီမိုကရေစီကို တကယ်သွားချင်တယ်ဆိုလို့ရှိရင် အခုတော်လှန် ရေးလုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးအားလုံး စုပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ပြီးတော့မှပဲ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ တည်ဆောက်လို့ရမယ်။ ဒီကိစ္စကလွယ်လွယ်နဲ့ အကောင်အထည်ဖော်နိုင်ဖို့က မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။” 

မွန်ပြည်သစ်ပါတီကတော့ ဒီဆွေးနွေးပွဲဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ NCA မူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဆိုထားပါတယ်။

ဒါပေမဲ့ အခုလို မွန်ပြည်သစ်ပါတီက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့အပေါ် မွန်လူထုအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာပါ။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013