DVB Logo
Home
Lead Story
ဘီလူးစီးခံရတဲ့ အ‌ကြောင်းတရားချင်းမတူတဲ့ ဝေသာလီပြည်နဲ့ ရွှေဝါပြည်
DVB
·
May 24, 2022
ဘီလူးစီးခံရတဲ့ အ‌ကြောင်းတရားချင်းမတူတဲ့ ဝေသာလီပြည်နဲ့ ရွှေဝါပြည်
Donate to DVB

ပြီးခဲ့တဲ့ မေလ ၂၃ ရက် ဒီဗွီဘီသတင်းထဲမှာ အကြမ်းဖက်အာဏာလုစစ်ဘီလူးတွေဟာ နိုင်ငံတဝန်း ပြီးခဲ့တဲ့ သီတင်း ၁ ပတ်တာအတွင်းမှာတင် အကြမ်းဖက်ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အပါအဝင် လူမဆန်တဲ့ စစ်ရာဇဝတ်ပြစ်မှုပေါင်း ၁၁၀ မှုအထိတောင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းကို ဖတ်ရှုခဲ့ရပါတယ်။ 

ရွှေရောင်ပုထိုးတွေ အနှံ့အပြားရှိတဲ့ နိုင်ငံမို့ အင်္ဂလိပ်လို Golden Land မြန်မာလို ရွှေဝါပြည်လို့ တင်စားကြရတဲ့ မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ရောဂန္တရကပ်ကြီး ကျရောက်နှိပ်စက်ခြင်း ခံခဲ့ရတဲ့အပြင် ဒီကနေ့အချိန်မှာ ရက်စက်ကြမ်းကြုတ်လှတဲ့ မိစ္ဆာစစ်ဘီလူး သဘက်တွေ ညှဉ်းဆဲ သတ်ဖြတ်ခံရမှုဆိုတဲ့ ဘီလူးအစီးခံခဲ့ရတာ ရက်ပေါင်း ၄၇၇ ရက် ကျော်ခဲ့ပါပြီ။ 

ဒါကြောင့်မို့လို့ သံဃသမဂ္ဂ ရဟန်းတော်အရှင်သူမြတ်တွေဟာ မြန်မာပြည်ကြီး စစ်ကျွန်ကနေ လွတ်​မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ကဏ္ဍအသီးသီးက တော်လှန်ရေးတပ်သားတွေ၊​ အကျဥ်းထောင်ထဲက ပြည်သူလူထုနဲ့ ရဲ​ဘော်​တွေ၊ ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF ရဲဘော်တွေ၊ တိုင်းရင်းသားပြည်သူ​တွေ ကျန်းမာပြီး စစ်ဘီလူးသဘက်တွေရဲ့ ဘေးအန္တရာယ်ကနေ လွတ်မြောက်ကင်းရှင်းပါစေဖို့ နေ့စဉ်ရက်ဆက် ပရိတ်ရွတ် မေတ္တာပို့ ပေးနေကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အဖြစ်အပျက်မှာ အလားသဏ္ဌာန်တူသယောင်ရှိတဲ့ သမိုင်းအဖြစ်အပျက် မှတ်တမ်းကတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ လိစ္ဆဝီမင်းသားတွေ အုပ်ချုပ်တဲ့ ဝေသာလီပြည်ကြီးမှာလည်း ကပ်ဆိုက်တာကနေ မိုးခေါင်ရေရှားပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဖြစ်လို့ လူတွေ အစုလိုက်အပြုံလိုက် သေကြပြီး တမြို့လုံး အပုပ်နံ့တွေထွက် လေတိုက်တိုင်းပါလာတဲ့ အပုပ်နံ့တွေကြောင့် ဘီလူးတွေ မကောင်းဆိုးဝါးတွေ ရောက်လာကြပြီး ဝေသာလီပြည်ကြီးဟာ ဘီလူးစီးတာခံရတယ်ဆိုတဲ့ ဗုဒ္ဓစာပေမှတ်တမ်းပဲ ဖြစ်ပါတယ်။ 

အဲဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ဖို့ လိစ္ဆဝီမင်းသားတွေဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့ ဗုဒ္ဓဘုရားကို ပင့်ဖိတ်လျှောက်ထားခဲ့ကြတာမို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဝေသာလီပြည်ကို ဘေးဆိုးအန္တရာယ်ဆိုးက‌နေ ကယ်တင်နိုင်ဖို့ ညီတော် အာနန္ဒာမထေရ်မြတ်ကို ရတနသုတ် ဟောကြားတော်မူပြီး နှုတ်တိုက်ပို့ချလို့ ဝေသာလီပြည်ရဲ့ မြို့ရိုးသုံးခုကြား ညဉ့်သုံးယံပတ်လုံး ရတနသုတ်ကို ဖတ်ရွတ်တော်မူ‌စေခဲ့ပါသတဲ့။ 

အာနန္ဒာမထေရ်မြတ်နဲ့ သံဃာတော်တွေ ရွတ်ဖတ်ကြတဲ့ ရတနသုတ်ကို နာကြားဖို့ နတ်မြတ်နတ်ကောင်းတွေ ကြွရောက်လာတဲ့အပြင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဝေသာလီပြည်ကို ကြွရောက်လာခဲ့ပြီး ပေါက္ခရဝဿမိုးကြီး သည်းထန်စွာ ရွာချ‌လာခဲ့တာကြောင့် လူသေအပုပ်တွေလည်း မိုးရေနဲ့အတူ ဂင်္ဂါမြစ်ထဲ မျောပါရှင်းလင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးဂုဏ်ဖော်ကျူးလို့ သစ္စာဆိုတဲ့ ရတနသုတ်ပရိတ် တန်ခိုးတော်ကြောင့် ရောဂါဘေး(ရောဂန္တရကပ်)၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းဘေး (ဒုဗ္ဘိကန္တရကပ်)၊ အမနုဿ‌ဘေး လက်နက်ဘေး (သတ္ထန္တရကပ်) စတဲ့ ကပ်ကြီး ၃ ပါးက ကင်လွတ်ချမ်းသာရာရသွားခဲ့ပါတယ်။

ဒီနေရာမှာ ဘီလူးစီးခံရတဲ့သ‌ဘောချင်းတူတဲ့ ဝေသာလီပြည်နဲ့ ရွှေဝါပြည် (မြန်မာပြည်)ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခြေခံအကြောင်းတရားတွေ မတူတာကို အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ 

၁) ဝေသာလီပြည်ကိုစီးတဲ့ ဘီလူးတွေဟာ လူသားမဟုတ်တဲ့ အမနုဿ ဘီလူး သဘက်တွေ ဖြစ်ပြီး ရွှေဝါပြည်(မြန်မာပြည်) စီးပြီး ဒုက္ခပေးနေကြတဲ့ ဘီလူးတွေဟာ မနုဿလူသား စစ်ဘီလူး သဘက်တွေ ဖြစ်ခြင်း။

၂) ဝေသာလီပြည်မှာ ကပ်ကြီး ၃ ပါးဘေးက လွတ်မြောက်စေခဲ့တာဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်နဲ့ သံဃာတော်အရှင်သူမြတ်တွေ ကာကွယ်ပေးခဲ့ကြတာဖြစ်ပေမဲ့ ရွှေဝါပြည် (မြန်မာပြည်) ကို စစ်ဘီလူးတွေစီးဖို့ တိုက်တွန်းအားပေးခဲ့တာ ဘုရားသင်္ကန်းတော်ရုံထားတဲ့ သီတဂူ ဘုန်းကြီးအပါအဝင် မဘသဘုန်းကြီး ဆိုသူတွေ ဖြစ်ပါတယ်။

အဓမ္မကို အားပေးတော်မမူတဲ့ ငြိမ်းချမ်းရေးနဲ့ သတ္တဝါတွေရဲ့ ကောင်းကျိုးကိုသာ လိုလားတော်မူတဲ့ သုံးလူ့ထွဋ်ထား မြတ်စွာဘုရားသခင်ရဲ့ သင်္ကန်းတော်ကိုခြုံပြီး လာဘ်လာဘနဲ့ ဂုဏ်ထူးအဆောင်အယောင် မက်မောတာမို့ ဘီလူးသဘက်တွေလို ခက်ထန်ကြမ်းကြုတ် ရက်စက်ကြတဲ့ အဓမ္မဝါဒီ စစ်အခွင့်ထူးခံ သူခိုးဓားပြတွေကို ဖျောင်းဖျနားချ တရားပြရမယ့်အစား၊ အများပြည်သူတွေကို ကပ်ဘေးတွေသင့်အောင် အသတ်အဖြတ်ခံရအောင်၊ အိမ်ရာတွေ မီးရှို့ အဖျက်အဆီးခံရအောင် အာဏာလုယူဖို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အားပေးအားမြှောက်ပြုပြီး အကုသိုလ်အမှုကို ကျုးလွန်ခဲ့ကြတာ ဖြစ်တယ်။

တနည်းအားဖြင့်ဆိုရရင် ဘုရားရှင်ရဲ့ အဆုံးအမကို ဆန့်ကျင်ပြီး မကောင်းမှုပြုခဲ့ကြတာမို့ အသားပုပ် ငါးပုပ်ပမာတူတဲ့ ဘီလူးသဘက်ယုတ်တွေနဲ့ ပေါင်းထုပ်ခဲ့ကြတာမို့ အပုပ်နံ့တွေ ကူးစက်ခံရရုံမက သူတို့ရဲ့အလုပ် ၃ ပါးကံတွေလည်း ပုပ်သိုးပြီး ပြည်သူ့ကျိန်စာသင့်ခံရတာမို့ လူတောမတိုးနိုင်တော့မဲ့အပြင် မကောင်းတဲ့လားရာများမှာ မိမိပြုတဲ့ကံအကျိုးဆက်တွေကို ပေးဆပ်ကြရအုံးမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံသားတွေနဲ့ သိတတ်နားလည်ကြတဲ့ လူထုသံဃာတော်တွေ၊ တိုင်းရင်းသား မိဘပြည်သူတွေအနေနဲ့ကတော့ ရွှေဝါပြည်ကို ကုပ်ခွစီးပြီး ဒုက္ခအဖုံဖုံပေးနေတဲ့ စစ်မိစ္ဆာ ဘီလူးသဘက်တွေကို ပြည်ထောင်စုရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်တော်လှန်‌ရေး ပေါက္ခရဝဿမိုးကြီး ရွာချလို့ ရှင်းလင်းပစ်နိုင်အောင် ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းချေမှုန်းကြဖို့မှတပါး အခြားမရှိတော့ပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013