DVB Logo
Home
မြန်မာသတင်း
တန့်ကြည့်တောင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး MC-KC PDF က သစ်ပင် ၁၀၀၀ ကျော် စိုက်ပျိုး
DVB
·
May 23, 2022
တန့်ကြည့်တောင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး MC-KC PDF က သစ်ပင် ၁၀၀၀ ကျော် စိုက်ပျိုး
1 / 6
Donate to DVB

မြန်မာနိုင်ငံ အလယ်ပိုင်းက အပူချိန်မြင့်မားတဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းနိုင်အောင်ရည်ရွယ်ပြီး မြစ်ခြေ၊ ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF က သစ်ပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။

MC-KC PDF ရဲ့တာဝန်ခံက  “ကျနော်တို့ အခြေစိုက်စခန်းနားက တောင်ဂတုံးဖြစ်နေတဲ့ တောင်လေးတွေ၊ ကျနော်တို့လည်း ဒီမှာ အားလပ်ရက်ကလေးတွေရှိတာနဲ့ အားလပ်တဲ့ အချိန်လေးတွေမှာ စိုက်ပျိုးကြတာ သစ်ပင်ပေါင်း ၁၀၀၀ ကျော်သွားပြီ။ တောင်တွေ ရှိတယ်၊ သစ်ပင်တွေ ရှိတယ်ဆိုရင် ရေထိန်းသိမ်းမှုတွေ မြေဆီလွှာ ထိန်းသိမ်းမှုတွေ ဖြစ်မယ်ထင်ပါတယ်။ မိုးရွာရင် သစ်ပင်မရှိရင် တိုက်ရိုက်ရေစီးပြီးတော့ သဲချောင်းကြီးတွေ ဖြစ်သွားတာဗျာ။ ရာသီဥတု ဖောက်ပြန်မှုကတော့ နေစရာနေရာကို မရှိတာ။ ကျနော်တို့ ဒီအချိန် နွေရာသီကတော့ လေတိုက်တာတို့၊ မုန်တိုင်းဝင်တာတို့ ဆိုရင် တောင်ဂတုံးတွေဖြစ်တဲ့အတွက် လေမထိန်းတော့တဲ့အတွက် ကျနော်တို့နေတဲ့ တဲတွေ ပျက်စီးလောက်အောင် တိုက်ခတ်လို့ နေရတာလည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

သစ်ပင်တွေ ရေလောင်းဖို့အတွက် ရေရှိတဲ့နေရာကနေ ၂ မိုင်လောက်အကွာဝေးထိ ရေပုံးတွေနဲ့ ထမ်းလောင်းကြရပြီး သစ်ပင် ၁၀၀၀ ကျော်စိုက်ပျိုးတဲ့အနက် အပင် ၃၀ လောက်ပဲ သေသွားတာကြောင့် ပျက်စီးဆုံးရှုံးမှုက မရှိသလောက်ဘဲလို့ ဆိုပါတယ်။

ဒီဒေသမှာ မြန်မြန်အသက်ရှင်နိုင်တဲ့ သစ်ပင်အမျိုးစားတွေဖြစ်တဲ့ တမာပင်၊ ကုက္ကိုပင်တို့ကို စိုက်ပျိုးထားတာဖြစ်ပြီး သစ်ပင်တွေအများအပြား ကြီးထွားလာပါက အဘက်ဘက်ကနေ ရာသီဥတုအတွက် အဆင်ပြေနိုင်တယ်လို့ MC-KC PDF ရဲ့တာဝန်ခံက ပြောပါတယ်။

မြစ်ခြေမြို့ ဒေသခံတစ်ယောက်က “ကျနော်တို့ အညာဒေသဟာ တနှစ်တနှစ်ကို မိုးရေချိန် လက်မ ၂၀ အောက်သာရှိပြီး ပူပြင်းခြောက်သွေ့တာကြောင့် ဒီသစ်ပင်တွေကသာ သဘာဝရာသီဥတုကို အန်တုနိုင်ကာ လူသားတွေအတွက် အန်တုကာကွယ်ပေးမှာ ဖြစ်တဲ့ အတွက် ရေရှည်မျှော်ကိုးပြီး မဖြစ်မနေ စိုက်ပျိုးကြရတာ” လို့ ပြောပါတယ်။

ပြည်သူ့အစိုးရ လက်ထက် ၂၀၁၉ ခုနှစ် မြန်မာအမျိုးသမီးများနေ့မှာလည်း ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ကိုနေထူးနိုင်၊ သဘာဝပတ်ဝန်ကျင်ဝန်ကြီး ဦးမြင့်ဇော်၊ ဝန်ကြီးချုပ် ဦးအောင်မိုးညိုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး တန့်ကြည့်တောင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်ပေါင်း ၂၀၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ခြေမြို့က လူငယ်တွေစုပေါင်းပြီး တန့်ကြည့်တောင်တကြော လမ်းဘေးဝဲယာတွေမှာ ညောင်ပင် ၂၀၀ ကျော်လိုက်စိုက်ထားပြီး သစ်ပင်တွေ ရှင်သန်ကြီးထွားရေးအတွက် အစဥ်တစိုက်ဆောင်ရွက်ခဲ့ကာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒီသစ်ပင်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခက်ခဲတွေအများကြီး ကြုံတွေ့နေရတယ်လို့ ဒေသခံက ပြောပါတယ်။

“မြစ်ခြေကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အခြေချရာ တောအနီး မြေလွတ်မြေရိုင်းနေရာတွေမှာ အခုနှစ်မိုးဦးကျရာသီမှာ MC-KC PDF က ဦးဆောင်ပြီး သစ်ပင်ပေါင်း ၁၀၀၀ ကျော်စိုက်ပျိုးခဲ့တယ်။ ကျနော်တို့ ဒေသခံပြည်သူတွေအနေနဲ့လည်း သူတို့နဲ့ အတူ သစ်ပင်ပျိုးတွေ ကူသယ်ပေးတာတွေ၊ ရေကူလောင်းပေးတာတွေ ပြုလုပ်ခဲ့ပြီး နောင်တချိန်မှာ ကျနော်တို့ ဒေသရဲ့ သဘာဝပတ်ဝန်ကျင်အားကောင်းလာအောင် လုပ်ဆာင်ခဲ့တဲ့ MC-KC PDF ကို ဒေသခံတွေအားလုံးက ကျေးဇူးတင်နေကြတယ်” လို့ ပြောပါတယ်။

ပြည်သူ့အစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ တန့်ကြည့်တောင်ဒေသကို နိုင်ငံတော်အဆင့် ဇုန်တခုအဖြစ် စီမံချက်ချမှတ်ပြီး သစ်ပင်ပေါင်း ၆၀၀၀၀ ကျော် စိုက်ပျိုးပေးခဲ့တယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013