DVB Logo
Home
မြန်မာသတင်း
ထိုင်းလျှပ်စစ်ပစ္စည်းစက်ရုံတွင် မြန်မာလုပ်သား ၁၉ ဦး အလုပ်ထုတ်ခံရသဖြင့် အလုပ်သမား ၄၅၀ ကျော် ဆန္ဒပြ
DVB
·
May 20, 2022
ထိုင်းလျှပ်စစ်ပစ္စည်းစက်ရုံတွင် မြန်မာလုပ်သား ၁၉ ဦး အလုပ်ထုတ်ခံရသဖြင့် အလုပ်သမား ၄၅၀ ကျော် ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ချာ့ချိန်းဆောဝ်းခရိုင် ဘန်နမ့်ပလျို့မြို့နယ်ရှိ Joinsoon လျှပ်စစ်ပစ္စည်းစက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့အတွက် ကျန်ရှိအလုပ်သမားပေါင်း ၄၅၀ ကျော် ဒီကနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

ဘာအကြောင်းပြချက်မှမရှိဘဲ သူတို့လုပ်ဖော်ကိုင်ဘက်ကို ရုတ်တရက်အလုပ်ဖြုတ်လိုက်တာ ကြောင့်ရော၊ နောက်နောင်လည်း မပြောမဆို အလုပ်ထုတ်ပစ်တာမျိုးတွေ ထပ်ဖြစ်လာမှာစိုးလို့  အလုပ်မဆင်းဘဲ ဒီနေ့မနက် ၆ နာရီခွဲလောက်ကစပြီး စက်ရုံရှေ့မှာ အချိန် ၃ နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ စက်ရုံလုပ်သားတဦးဖြစ်သူ ကိုဇင်ဖြိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်သမားမှာ ဘာအပြစ်မှမရှိဘဲ ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်ထုတ်ပစ်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ။ ငြိမ်ခံနေရင် နောက်လည်း ဒီလိုအလုပ်ခံရမှာလေ။ အဲဒါကြောင့် ဒီကနေ့ ကျနော်တို့တယောက်မှအလုပ်မဆင်းဘဲ စက်ရုံရှေ့အပြင်ဘက်ကနေ ဆန္ဒပြတယ်။ ကျနော်တို့က အလုပ်ထုတ်ရတဲ့အကြောင်းရင်းကို ရှင်းပြဖို့၊ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရတဲ့ သူတွေအတွက်  နစ်နာကြေး  လစာ ၃ လစာ ပေးလျော်ဖို့ တောင်းဆိုတယ်။”

အလုပ်သမားတွေ အကြောင်းမဲ့အလုပ်ဖြုတ်ခံရတဲ့ကိစ္စ  AAC အလုပ်သမားကူညီ စောင့် ရှောက်ရေးကွန်ရက်အဖွဲ့ကိုလည်း လှမ်းပြီးအကူအညီတောင်းခဲ့ကြောင်း၊ AAC အဖွဲ့မှ သူတို့ကို အချက်အလက်အတိအကျနဲ့ ကိုယ့်ဘက်ကပြင်ဆင်ထားပြီး ဘောင်ထဲကနေတောင်းဆိုဖို့၊ ညှိနှိုင်းခြင်းနဲ့အရင်ဖြေရှင်းပြီး မရတော့တဲ့အခါမှ ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ ထိုင်း-မြန်မာသံရုံး အလုပ်သမားသံအရာရှိတွေဆီ ဆက်သွယ်တိုင်ကြားဖို့ ကနဦးအကြံပြု ထားတယ်လို့ ဆိုပါတယ်။ 

မနက် ၉ နာရီကျော်လောက်မှာ စက်ရုံမန်နေဂျာရောက်လာပြီး သူတို့မှာ ပစ္စည်းအော်ဒါတွေ မလာတော့ အလုပ်လည်းမရှိလို့ အလုပ်သမားဦးရေလျှော့ဖို့  အလုပ်ကြီးကြပ်သူကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အလုပ်ဖြုတ်ခံရသူတွေအကုန်လုံးကို ပြန်ခန့်မယ်လို့ ပြောလို့ ပြေလည်မှုရခဲ့ကြောင်း၊ ဒီနေ့အတွက်တော့ သူတို့အလုပ်မဆင်းဘဲ မနက်ဖြန်မှ အားလုံးပြန်ဆင်းမယ်လို့  ကိုဇင်ဖြိုးအောင်က ပြောပါတယ်။ 

အလုပ်ကြပ်က သူနဲ့မတည့်တဲ့သူတွေ၊ သူ့ကိုအာခံဖူးတဲ့သူတွေကို အလုပ်ဖြုတ်မယ့် စာရင်းထဲ ထည့်ပေးလိုက်တာလို့ ဆိုပါတယ်။ 

စက်ရုံမှာ လုပ်အားခကို တနေ့ ၃၃၀ ဘတ်၊ အချိန်ပိုလုပ်ခ ၁ နာရီ ဘတ် ၅၀၊ နားရက်ကို ထိုင်းအစိုးရရုံးပိတ်ရက်တွေအတိုင်း ရရှိပေမယ့် နေမကောင်းလို့ ဆေးခန်းသွားရင် ကန်ထရိုက် တာက ဆေးဖိုးတဝက်ပဲ ပြန်ပေးကြောင်း၊ လူမှုဖူလှုံရေးရန်ပုံငွေကိုတော့ လစဉ်ကောက်ခံလို့ အဆိုပါလူမှုဖူလှုံရေးကတ်ပြား မိမိဘာသာကိုင်ဆောင်ခွင့်ပြုဖို့လည်း ကန်ထရိုက်တာအား တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါစက်ရုံမှာ အလုပ်သမားပေါင်း ၅၀၀ ကျော်ရှိပြီး ၄၀၀ ကျော်က မြန်မာပြည်နယ်စုံက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013