
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျောက်တလုံးကျေးရွာမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့အမျိုးသားတယောက်ကို ဇူလိုင် ၂၉ ရက်က အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်က ဖမ်းဆီးလိုက်ပါတယ်။
အခုဖမ်းဆီးရမိတဲ့သူဟာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးမောင်အေးလှ ဖြစ်ပါတယ်။ သူဟာ မေလကတည်းက သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကာ ဇူလိုင် ၂၉ ရက် ညအချိန်မှာ ဒီလပ်တပ်က ဖမ်းဆီးရရှိခဲ့တာလို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတာ။ သူတို့ ညအချိန်တွေဆို အိမ်ရောက်တယ်ဆိုပြီး သတင်းရလို့ ဒီလပ်တပ်ဖွဲ့က သူ့အိမ်ကို သွားဖမ်းခဲ့တာ။ ရခိုင်ပြည်မှာ မုဒိမ်းမှုကျူးလွန်သူ ဘယ်သူမဆို ထိုက်တန်တဲ့ အပြစ်ပေးသွားမှာ ဖြစ်တယ်။”
ဦးမောင်လှအေးဟာ သူ့ရဲ့ယာခင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်ရဲ့ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက်နဲ့ ၈ နှစ်အရွယ် ကလေးငယ်တယောက်ကို ဧပြီလအတွင်းက သက်ငယ်မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့လို့ မိသားစုဝင်တွေက ဒီလပ်ကို တိုင်ကြားခဲ့ပြီးနောက် မေ ၁၅ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ သက်ငယ်မုဒိမ်းမှု ပြစ်မှုကျူးလွန်သူ ဦးမောင်အေးလှကို ဒီလပ်က ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်းမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးဟာ အရမ်းစိုးရိမ်စရာဖြစ်လာပြီး လုံခြုံတဲ့ လူမှုအသိုင်းအဝန်းတခု ဖြစ်လာစေချင်တယ်လို့ ကျောက်တော်မြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“သက်ငယ်မုဒိမ်းမှု ကျူးလွန်ထားသူတဦးကို ဖမ်းဆီးရမိတာဟာ ပတ်ဝန်ကျင်အတွက် အရမ်းကို အန္တရာယ်လျော့နည်းသွားတယ်လို့ ပြောရမယ်။ ရခိုင်ပြည်မှာ မုဒိမ်းမှုတွေဟာ လစဉ်လတိုင်းလို ဖြစ်လာတော့ အမျိုးသမီးတွေ၊ ကလေးတွေအတွက် ဘယ်လိုမှ လုံခြုံမှု မရှိတော့သလို ခံစားလာရတယ်။ ဒီလို လူမဆန်တဲ့သူတွေကို ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူပြီး လုံခြုံအေးချမ်းတဲ့ လူမှုအသိုင်းအဝန်းမှာပဲ ဖြတ်သန်းချင်တော့တယ်။”
ဇူလိုင် ၁၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တယောက်ကို လက်ထိပ်ခတ်ပြီး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေကြသလို ကျူးလွန်သူ တရားခံ ၃ ယောက်ကိုလည်း ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။










