DVB Logo
Home
မြန်မာသတင်း
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ကွယ်လွန်
DVB
·
May 18, 2022
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ကွယ်လွန်
1 / 2
Donate to DVB

ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသုဝေဟာ မေလ ၁၈ ရက် ဒီနေ့ ည ၇ နာရီလောက်က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုက ဒီဗွီဘီကို ပြောပါတယ်။

ဦးသုဝေဟာ  ရွှေပြည်သာမြို့နယ်ရှိ သူ့ရဲ့နေအိမ်မှာ ဒီကနေ့ ညစာစားနေရင်း လဲကျသွားရာက အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သူ့သားဖြစ်သူ ဦးဇာနည်က ပြောပါတယ်။ 

“ထမင်းစားနေရင်းနဲ့ ခေါက်ခနဲဆို လဲသွားတာခင်ဗျ။ အမက ဆေးရုံးသွားမယ် ဆေးရုံသွားမယ် ဆိုပြီးတော့ တက္ကစီပေါ်တင်ပြီးတော့ ဆေးရုံသွားတာ၊ ဆေးရုံရောက်တော့ ဆုံးပြီလို့ ပြောတယ်။” 

ဦးသုဝေ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိပြီဖြစ်ပြီး ကွန်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်မြသန်းနဲ့အတူ သမီးတစ်ယောက်နဲ့ သား ၂ နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

နိုင်ငံရေးသမားကြီးဦးသူဝေဟာ ဘဝတလျှောက်လုံး နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူကွယ်လွန်သွားတာနဲ့ပတ်သက်လို့ သားဖြစ်သူ ဦးဇာနည်က “သူက မိသားစုအတွက်ထက်တောင် နိုင်ငံအတွက်လုပ်တာ ပိုအချိန်ပေးပါသေးတယ်ဗျာ” လို့ ပြောပါတယ်။ 

ဦးသုဝေကို  အဘဦးဘအုန်း အမိ ဒေါ်လှတင်တို့ကနေ ၁၉၃၂ ခု ဒီဇင်ဘာ ၃၁ ရက်မှာ ဇာတိ တောင်ငူမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် အထက်တန်းကျောင်းသား ဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူကာ တောင်ငူခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်တောင်ငူခရိုင် အတွင်းရေးမှူး၊ ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ တွဲဖက်အတွင်းရေးမှူး စတဲ့တာဝန်တွေ ယူခဲ့သူ ဖြစ်ပါတယ်။  

ဖဆပလ အစိုးရခေတ်မှာ ဒုတိယဝန်ကြီးချုပ် ဦးကျော်​ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အာဏာရှင်ဦးနေဝင်းကိုဆန့်ကျင်ပြီး ထိုင်းနိုင်ငံကိုထွက်သွားခဲ့ကာ  ပါလီမန်ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ရာမှာ ဦးနုနဲ့ ဖဆပလခေါင်းဆောင်တချို့နဲ့အတူ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယူပီအိုင်သတင်းဌာနရဲ့ အရှေ့တောင်အာရှရုံးချုပ် သတင်းအယ်ဒီတာဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပြည်ချစ်လူငယ်အဖွဲ့မှာဦးဆောင်ပြီး ပြည်ချစ်အသံလွှင့်ဌာနထူထောင်ခဲ့ ဖူးပါတယ်။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီးမှာ  ရဲဘော်သုံးကျိပ်ဝင်  ဗိုလ်မှူးအောင်ဦးဆောင်တဲ့ ဒီမိုကရေစီပါတီမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်မရခဲ့ပါဘူး။

စစ်အစိုးရက ဦးသုဝေကို ၁၉၉၃ ခုနှစ်မှာ တကြိမ် ၁၉၉၅ ခုနှစ်မှာ တကြိမ် ဖမ်းဆီးထောင်ချခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်  ၉ နှဏ်ကျော် ၁၀ နှစ်လောက် ဖြတ်သန်းခဲ့ရပါတယ်။

ထောင်ကပြန်လွတ်လာပြီးနောက်  ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နဲ့အတူတည်ထောင်ခဲ့ပြီး  ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅  ပါဝင်ယှဥ်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။

ဦးသုဝေဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားပြုပြီး   ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွင် (UPDJC)မှာ ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013