DVB Logo
Home
မြန်မာသတင်း
ရွှေစျေး တပတ်အတွင်း တကျပ်သားကို ကျပ် ၅၀၀၀၀ အထိပြုတ်ကျ
DVB
·
May 13, 2022
ရွှေစျေး တပတ်အတွင်း တကျပ်သားကို ကျပ် ၅၀၀၀၀  အထိပြုတ်ကျ
Donate to DVB

ရန်ကုန်ရွှေရောင်းဝယ်ရေးစျေးကွက်မှာ အကယ်ဒမီ(မီးလင်း)ရွှေစျေးက တပတ်အတွင်း တကျပ်သားကို ကျပ် ၅၀၀၀၀  အထိ ပြုတ်ကျလာပေမယ့် စျေးကွက်ပြင်ပမှာ အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းက တကျပ်သားကို ကျပ် သိန်း ၂၀ အပေါ်မှာ ရှိတယ်လို့ ရွှေစျေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြည်တွင်း အကယ်ဒမီ(မီးလင်း)ရွှေ စျေးက ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၁၀ နာရီအချိန်မှာ တကျပ်သားကို ကျပ် သိန်း ၂၀ ရှိခဲ့ပါတယ်။

ဒီကနေ့ မေလ ၁၃ ရက် မနက် ၁၀ နာရီအချိန်မှာ တကျပ်သားကို  ၁,၉၄၆,၇၀၀ ကျပ်သာ ရှိတာကြောင့် တပတ်အတွင်းမှာ ပြည်တွင်းရွှေစျေး က ကျပ် ၅ သောင်းအထိ ပြုတ်ကျသွားတာပါ။

အလားတူ ကမ္ဘာ့ရွှေစျေးကလည်း ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၁၀ နာရီမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၇၆ ဒေါ်လာ ရှိခဲ့ရာကနေ ဒီကနေ့ မနက် ၁၀ နာရီအချိန်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၂၆ ဒေါ်လာသာ ရှိလို့ တပတ်အတွင်းမှာ ဒေါ်လာ ၅၀ အထိ ပြုတ်ကျလာပါတယ်။

ပြည်တွင်းရွှေစျေးက တကျပ်သားကို ကျပ် ၅၀၀၀ အထိ ပြုတ်ကျလာပေမယ့် အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းနဲ့ ကွာခြားမှုရှိတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ရန်ကုန်ရွှေစျေးကွက်အတွင်း ဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “စျေးကွက်မှာသာ ၁၉ သိန်းခွဲအောက် ရှိနေတာ။ အခု အခြေအနေက စျေးကွက်မှာ ရှိနေတဲ့စျေးက ရည်ညွှန်းစျေး သက်သက်သာ ဖြစ်နေပြီး အပြင်မှာ ရောင်းကြ၊ဝယ်ကြတဲ့ စျေးက တမျိုး၊ အဲ့ဒီ့ပုံစံ ဖြစ်နေပြီ။ ဘာကြောင့်လဲဆို ဒီသတ်မှတ်ထားတဲ့နှုန်းနဲ့  ဝယ်လို့ ရတယ် ဆိုတာ မကြားမိဘူးနော်။ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်မှာ ဒီသတ်မှတ်နှုန်းနဲ့ ဘယ်မှာ ဝယ်လို့ ရမလဲ ဆိုပြီး ဟာသတွေတောင် ပြောနေကြတာ။ ဒါကြောင့် ဝယ်မယ်ဆိုရင်တော့ သိန်း ၂၀ အပေါ်မှာဘဲ ဝယ်လို့ ရမယ်။ ပြီးတော့ လူတွေရဲ့ သဘောကလည်း ဝယ်လို့ ရနေတယ်ဆိုရင် မဝယ်ချင်ကြဘူး။ ဝယ်လို့ မရဘူး ဆိုရင်တော့ ဝယ်ချင်ကြတယ်။ အဲ့ဒီ့အတွက်ကြောင့်ဘဲ လောလောဆယ် အပြင်မှာတော့ သိန်း ၂၀ အပေါ်မှာဘဲ ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝယ်ရောင်းကျွမ်းကျင်သူတဦးကလည်း “စျေးနှုန်းဆိုတာမျိုးက ကန့်သတ်လို့မှ မရတာ။ ကန့်သတ်လိုက်လို့ရှိရင် ရောင်းနေတဲ့ သူကပါ ပြန်ဝယ်ချင်တဲ့ အခြေအနေကို ရောက်သွားစေတယ်။ အဲ့လိုဖြစ်လာရင် ဝယ်လိုအားက များလာပြီး ပစ္စည်းက အလိုလိုနေရင်း ပျောက်သွားမှာလေ။ တကယ်လို့ ဖွင့်ပေးလိုက်မယ်ဆိုရင် ရောင်းတဲ့သူက ၁ ကျပ်တန်တဲ့ ပစ္စည်းကို ၁၀ လို့ အော်ရင်အော်မယ်။ ဝယ်ချင်တဲ့သူ ကလည်း ၅ မူး ကနေ စပေးမယ်။ ဒီတော့ ရောင်းမယ့်သူက တဖြည်းဖြည်း လျှော့မယ်။ တဖက်မှာ ဝယ်မယ့်သူကလည်း လိုက်ရင်း လိုက်ရင်းနဲ့ နောက်ဆုံး ၁ ကျပ်ခွဲ နဲ့ အရောင်းအဝယ်က ဖြစ်သွားမယ်။ နောက်တခါ ရောင်းချင်တဲ့ ပစ္စည်းက များလာတဲ့အခါ ၁ ကျပ်ခွဲတန် ပစ္စည်းက ၁ ကျပ် ပြန်ဖြစ်သွားလိမ့်မယ်။ အခုက သတ်မှတ်တဲ့စျေးက ၅ မူး၊ ရောင်းချင်တဲ့သူက ၁ ကျပ်ခွဲနဲ့ အော်နေတော့ ဘယ်လိုမျှ မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆို ညှိလို့ကို မရတော့တာနော်။ အဲ့လိုတွေ ဖြစ်ကုန်ပြီ” လို့ ဆိုပါတယ်။

ရွှေစျေးကွက်သုတေသီတဦးကတော့ “ထိန်းကျောင်းတည့်မတ်ပေးဖို့ဆိုတာက အဓိက ရောင်းလိုအားပေါ့။ ရောင်းလိုအားက များနေလို့ ရှိရင် စျေးတန်းကို ဘယ်လောက်ချည်းသတ်မှတ်ပေးထား။ ဥပမာ တသိန်း စျေးနဲ့ ရောင်းရမယ်လို့ သတ်မှတ်ပေးထားပေမယ့် သူကလည်း ရောင်းမယ်၊ ကိုယ်ကလည်း ရောင်းမယ်ပေါ့။ ဒီတော့ ကိုယ်က အရင်ဆုံးရောင်းရအောင် တသိန်းကို ကိုးသောင်း ကိုးထောင်နဲ့ ချရောင်းမယ်။ တခါ သူကလည်း  ကိုးသောင်း ရှစ်ထောင်နဲ့ ချရောင်းမယ်။ အဲ့လို ကျလာတဲ့ စျေးနှုန်းကို တားမရသလို တက်လာတဲ့ စျေးကိုလည်း ထိန်းလို့ မရဘူး။ သတ်မှတ်လိုက်လို့ရှိရင် အဲ့ဒီ့စျေးကွက်နဲ့ လူတွေက တဖြည်းဖြည်း ဝေးပြီးတော့ စျေးကွက်နဲ့လွတ်နေတဲ့ တခြားနေရာမှာ သွားပြီးတော့ အရောင်းအဝယ်လုပ်ကြမှာလေ။ အဲ့တော့ ရောင်းတာဝယ်တာက ဘယ်သူဘဲ သိမလဲဆိုရင် သူတို့ အချင်းချင်းဘဲ သိကြတော့မှာနော်။ အန်ကယ်တို့ ငယ်ငယ်က ဦးနု ခေတ်မှာ အမဲသား မရောင်းရ ဆိုပြီး လုပ်တယ်လေ။ အဲ့တော့ ဘယ်လိုလုပ်လဲဆိုရင် သိုးသား ဆိုပြီး လုပ်ကြတယ်။ အခုလည်း သိုးသား ဆိုပြီး ဖြစ်နေပြီ” လို့ ရယ်မောပြီးတော့ ဒီဗွီဘီအား ပြောပါတယ်။

နိုင်ငံခြားငွေကြေးစျေးကွက်မှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းအရ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ၁၈၅၀ ကျပ် ရှိပြီး ငွေလဲကောင်တာစျေးနှုန်းမှာ ဝယ်စျေး ၁၈၅၀ ကျပ်နဲ့ ရောင်းစျေး ၁၈၅၅ ကျပ်ရှိပါတယ်။ ဒါပေမယ့် ပြင်ပစျေးကွက်မှာ ဝယ်စျေး ၂၀၃၀ ကျပ်နဲ့ ရောင်းစျေး ၂၀၅၀ ကျပ် ရှိပါတယ်။

အလားတူ အကယ်ဒမီ(မီးလင်း)ရွှေစျေးကလည်း တကျပ်သားကို ပြင်ပစျေးကွက်မှာ ဝယ်စျေး ၂,၀၅၃,၀၀၀ ကျပ် နဲ့ ရောင်းစျေး ၂,၀၆၀,၀၀၀ ကျပ် ပေါက်စျေးရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013