DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း
DVB
·
May 12, 2022
မန္တလေးမြို့က စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း
Donate to DVB

မန္တလေးမြို့မှာ စစ်ကောင်စီက ပြုလုပ်မယ့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကြွရောက်ဘဲ ပြည်သူ့မျက်နှာကို ငဲ့ကာ သပိတ်မှောက်ပေးကြဖို့ သံဃသမဂ္ဂ ရဟန်းတော်တွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၁၄ ရက် ကဆုန်လပြည့်နေ့မှာ သံဃာအပါး ၁၀,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မှာဖြစ်ပြီး သံဃထုအနေဖြင့် သပိတ်မှောက် ဆန့်ကျင်ကြဖို့ တိုက်တွန်းလျှောက်ထားတယ်လို့ သံဃသမဂ္ဂ ရဟန်းတော်တပါးက မိန့်ပါတယ်။

"အဓိကကတော့ စကစနဲ့ မပူးပေါင်းဖို့ဘဲ။ ဘာလို့ဆို ဒီလိုလုပ်လို့ ရဟန်းသံဃာတွေက ကြွသွားမယ်၊ အလှူခံမယ်ဆိုရင် ဒါ စကစနဲ့ ပူးပေါင်းသလို ဖြစ်သွားမယ်လေ။ ဦးဇင်းတို့ မပူးပေါင်းစေလိုတာကလည်း ရဟန်းသံဃာတွေကို အလှူခံမရစေချင်လို့လည်း မဟုတ်ဘူးပေါ့နော်။ လာဘ်လာဘကိုလည်း တားမြစ်နေတာ မဟုတ်ဘူးပေါ့။ အဓိကက နိုင်ငံရေးအကျပ်အတည်းပေါ့၊ အားလုံးတွေ့မြင်နေရတာပဲ၊ ရဟန်းသံဃာတွေလည်း တွေ့မြင်နေရတာပဲ၊ ပြည်သူတွေကို အကြမ်းဖက်နေတယ်၊ သတ်နေတယ်၊ ရွာတွေကို မီးရှို့နေတယ်၊ အိုးအိမ်တွေကို ဖျက်ဆီးတယ်၊ နောက် အဖိုးတန်တဲ့ ပစ္စည်းတွေကို လုယက်နေတယ်၊ ဘယ်သူက လုယက်တယ်ဆို စစ်အုပ်စုနဲ့ ရဲတွေက လုယက်ပြီးတော့ လုပ်နေတာလေ၊ အကြမ်းဖက်နေတာပဲလေ။ ဒါတွေကို အကုန်လုံးမြင်တဲ့အချိန်မှာ သူတို့ကိုယ်သူတို့ သူတော်ကောင်းယောင်ဆောင်ပြီးတော့ ဘာသာရေးပွဲတွေ ဘာတွေ ကျင်းပနေတာက ဒါ ဟန်ဆောင်ပန်ဆောင် အလုပ်တွေပဲ။ တကယ်တမ်းကျ သူတို့စိတ်ထဲမှာက ဒါက ဘာသာနဲ့ သံဃာကို အသုံးချချင်လို့ပဲ။"

အာဏာသိမ်းစစ်ကောင်စီက သာသနာကို ကြည်ညိုယောင် ဟန်ပြအသုံးချနေမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဘဲ သပိတ်မှောက် ငြင်းပယ်ကြဖို့ သံဃသမဂ္ဂ ဆရာတော်တပါးက မိန့်ပါတယ်။

"ဦးဇင်းတို့ကတော့ ပြည်သူ့တော်လှန်ရေးဆိုတော့ ပြည်သူတွေက နဂိုတည်းက အဆုံးသတ်ကိုပဲ ခံယူချက်နဲ့ လုပ်လာခဲ့တဲ့ တော်လှန်ရေးပဲလေ။ ဒီတော်လှန်ရေး ပြီးဆုံးတဲ့ထိတော့ ဦးဇင်းတို့ သံဃသမဂ္ဂက ဆက်ပြီး ပါဝင်လို့ရတဲ့နေရာက ပါဝင်ဆောင်ရွက်နေမှာပဲ၊ လုပ်နေကြမှာပဲ။ စကစကိုတော့ ဘာလုပ်ပေးပါ၊ ဘာညာပေါ့၊ နိုင်ငံရေးအဆင်ပြေအောင် တွေ့ဆုံခွင့် ဒါတွေကို ဦးဇင်းတို့က ပြောနေမှာမဟုတ်ဘူး။ အဓိကကတော့ ပြည်သူလူထုရဲ့ တော်လှန်ရေးမှာ ဦးဇင်းတို့ သံဃသမဂ္ဂအနေနဲ့ လုပ်လို့ရတဲ့အပိုင်းက ပူးပေါင်းဆောင်ရွက်သွားမှာပဲ။"

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့က သံဃာ ၁၀,၂၆၄ ပါးကို ဖိတ်ပြီး ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းနဲ့ နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲကို ကျုံးဘေးပတ်လည်က လမ်းမကြီးတွေမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကျုံးတဖက်ဆီကို သံဃာ ၂,၅၆၆ ပါးစီ ထားရှိမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013