DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကတဆင့်ပေးမည့် အာဆီယံအကူအညီကို မြန်မာနှင့် နိုင်ငံတကာအဖွဲ့ ၇၆၅ ဖွဲ့ ကန့်ကွက်
DVB
·
May 11, 2022
စစ်ကောင်စီကတဆင့်ပေးမည့် အာဆီယံအကူအညီကို မြန်မာနှင့် နိုင်ငံတကာအဖွဲ့ ၇၆၅ ဖွဲ့ ကန့်ကွက်
Donate to DVB

မြန်မာနိုင်ငံအတွက် ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်အုပ်စုကို ထိန်းချုပ်ခွင့် ပေးလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၇၆၅ ဖွဲ့တို့က အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ 

အဆိုပါ ဆုံးဖြတ်ချက်ဟာ စစ်အုပ်စုကို တရားဝင်မှု ပိုမိုရရှိစေမယ့်အပြင် မြန်မာနိုင်ငံအတွင်း ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်နိုင်စေဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို လက်နက်သဖွယ် အသုံးချခွင့် ပေးလိုက်ခြင်းသာ ဖြစ်တယ်လို့လည်း အဖွဲ့အစည်းတွေက ဆိုပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ ရှေ့ပြေးအသံအဖွဲ့၊ ဘားမားကမ်ပိန်းယူကေ အဖွဲ့တွေအပါအဝင် အမည်ဖော်ပြထားတဲ့ အဖွဲ့အစည်း ၄၅၁ ဖွဲ့နဲ့ အမည်မဖော်ပြလိုတဲ့ မြန်မာအဖွဲ့အစည်း ၃၁၄ ဖွဲ့တို့ ပါဝင်နေတာပါ။

မြန်မာစစ်အုပ်စု ဦးဆောင်တဲ့ အလုပ်အဖွဲ့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မယ့် အစီအစဉ်ကို ရှေ့ဆက်တိုး အကောင်အထည်ဖော်ဆောင်ရွက်မယ့် အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အုပ်စု ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ပြည်တွင်း အရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီတွေ ပေးအပ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ မြန်မာပြည်သူလူထုနဲ့ ကမ္ဘာတဝန်းမှ အရပ်ဘက်လူထုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာပဲလို့ ဆိုပါတယ်။ 

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်နဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်သူတွေအားလုံးကို ဆက်လက်ဖယ်ကြဥ်ထားမယ်ဆိုရင်တော့ အဓိပ္ပာယ်ရှိတဲ့ ဖြေရှင်းချက် တစုံတခုမှ ဖော်ထုတ်နိုင်လိမ့်မှာ မဟုတ်ကြောင်း၊ အာဆီယံရဲ့ ဆုံးဖြတ်ချက်က နောက်ပြန်ဆုတ်ယုတ်မှုကို ဖြစ်စေမယ့်အပြင် မြေပြင်မှာ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက် လက်အဓွန့်ရှည်စေဖို့အတွက် အားပေးအားမြှောက်ပြုရာရောက်မယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော ဆွေးနွေးပွဲမှာ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ ဒေသခံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတဆင့် အကူအညီတွေ ပေးပို့ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) တွေနဲ့ ပြည်တွင်းအရပ်ဘက်လူထု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အာဆီယံကို တိုက်တွန်းတောင်းဆိုထားတာပါ။

အကူအညီပေးရေး လုပ်သားတွေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေပေမယ့် အဆိုပါစစ်အုပ်စုရဲ့ အလုပ်အဖွဲ့က EAO နယ်မြေတွေအပါအဝင် မြန်မာနိုင်ငံတဝန်း ပြည်သူအားလုံးဆီ အထောက်အပံ့တွေ ဖြန့်ဝေပို့ဆောင်ပေးနိုင်စွမ်းရှိတယ်လို့ အာဆီယံက ဆက်လက်ရှုမြင်နေတာကိုလည်း အံ့ဩတုန်လှုပ်မိကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကတော့ “အာဆီယံအဖွဲ့အစည်းက အတည်ပြုသတ်မှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အာဆီယံရဲ့ ထိပ်တန်းအဆင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံကြောင်းနဲ့ မကြာမီကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမှာဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပျက်ကွက်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အဆိုပါမူကို ဆက်လက်ကျင့်သုံးခြင်းဖြစ်တယ်” လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013