DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေ ရှင်းလင်းရန်ကျန်သည့် ကုမ္ပဏီ ၁၅၈ ခုကို စစ်ကောင်စီက Blacklist စာရင်းသွင်း
DVB
·
May 10, 2022
ပို့ကုန်ရငွေ ရှင်းလင်းရန်ကျန်သည့် ကုမ္ပဏီ ၁၅၈ ခုကို စစ်ကောင်စီက Blacklist  စာရင်းသွင်း
Donate to DVB

ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ရှင်းလင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီပေါင်း ၁၅၈ ခုတို့မှ ကုမ္ပဏီနဲ့အတူ  ဒါရိုက်တာအဖွဲ့ဝင်တွေကို Blacklist  စာရင်း ထည့်သွင်းအရေးယူထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာပါတယ်။

၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့တဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေတွေ ပို့ကုန် တင်ပို့တဲ့နေ့ကစလို့  ၆ လ အတွင်း  ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက် ပြန်လည်ထည့်သွင်းနိုင်ဖို့  ကုန်သွယ်မှုနှင့်ကုန်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်သည်စက်မှု အသင်းချုပ်(UMFCCI)နဲ့  နိုင်ငံခြား သုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရ ဘဏ်တွေ ပူးပေါင်း  စာရင်းရှင်းလင်းတဲ့ လုပ်ငန်းလုပ်ခဲ့တယ်ဆို့ဆိုပါတယ်။

ဒီ့အတွက် အဆိုပါ ၂ နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားခဲ့ပြီးနောက် အစည်းအဝေးနဲ့ အတူဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ပြီးဖြစ်ပေမဲ့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိဆဲ ကုမ္ပဏီက ၁၅၈ ခု ရှိတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ဒါကြောင့် အဆိုပါကုမ္ပဏီ ၁၅၈ ခုတို့အား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၄၂(က) အရ အရေးယူ ဆောင်ရွက်ထားပြီး ယင်းကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့ဝင်တို့ကို (Blacklist) စာရင်း ထည့်သွင်းကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ ပို့ကုန်ရငွေ ဝင်ရောက်ဖို့ ကျန်ရှိကုမ္ပဏီတွေကိုလည်း အရေးယူဆောင်ရွက်ဖို့ ဆက်လက်စိစစ်နေတဲ့အကြောင်း ဗဟိုဘဏ်မှ ကြေညာထားပါတယ်။ 

ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာသုတေသီတဦးက “ မြန်မာပြည်က ပို့ကုန်သမား အများစုက သူတို့ရဲ့ နိုင်ငံခြား ငွေကြေးကို ပြည်တွင်းဘဏ်တွေမှာ မထားကြဘူး။ ဘာလို့ မထားလဲဆို မြန်မာပြည်မှာက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဘဏ်စနစ်နဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် တည်ငြိမ်မှုက မရှိဘူး။ ပြီးတော့ ဘဏ်တွေက အကျပ်အတည်းပေါ်လိုက် နိုင်ငံခြားငွေကြေးကလည်း အတက်အကျနဲ့ မတည်ငြိမ်ဆိုတော့ တော်တော်များများက မြန်မာနိုင်ငံမှာ ပို့ကုန်ရငွေကို မအပ်ကြဘူး။ ဘယ်မှာ စာရင်းထားကြလဲဆိုရင် များသောအားဖြင့် စင်္ကာပူဘဏ်မှာ စာရင်းထားကြတယ်။ ဘာလို့ထားကြလဲဆိုတော့ စင်္ကာပူက မြန်မာနိုင်ငံထက်စာရင် အတိုင်းအတာတခုအထိ ငွေရေးကြေးရေးက တည်ငြိမ်မှုရှိတယ်။ အဲ့တော့ ပြည်တွင်းကို ပြန်မသယ်ဘူး။ တကယ်လို့ ပေးချေစရာ ရှိတယ်ဆိုရင် စင်္ကာပူဘဏ်ကနေ ပေးချေကြတယ်။ ဒါကြောင့် စာရင်းရှင်းလင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီအရေအတွက်က များနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တခြားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကတော့  “၂၀၁၈ ခုနှစ်မှာတင်ပို့တဲ့ စာရင်းက မရှင်းနိုင်စရာ အကြောင်းတော့ မရှိပါဘူး။ အမှန်တကယ်တင်ပို့မှုမရှိလို့သာ မရှင်းနိုင်တာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံခြားက ဝယ်လက်တဦးက ၂၀၁၈  က သူပေးလိုက်တဲ့ပိုက်ဆံကို ၂၀၁၉ အထိ ဘယ်နိုင်ငံခြားသားမျှ ထိုင်စောင့်မနေဘူး။ ဥပမာ ၂၀၁၈ ဇန်နဝါရီလမှာ ကုန်ဖိုးအတွက် ဒေါ်လာလွှဲလိုက်တယ်ပေါ့။ အဲ့ဒီဇန်နဝါရီလထဲမှာဘဲ အလွန်ဆုံး နှစ်ပတ်ဘဲ။ ဒီထက်ပိုမစောင့်ဘူး။ တင်ကိုတင်ပေးရတယ်။ဒါပေမဲ့ ၂၀၁၈ ဇန်နဝါရီမှာ ဝင်တဲ့ပိုက်ဆံက တလတောင်မခံဘူး။ အဲ့ဇန်နဝါရီလထဲမှာ ပြန်ရောင်းစားပြီးသွားပြီ။ ဆိုလိုတာက တခြား တခုခုဆီ (account transfer) အကောင့် လွဲပြောင်းပြီးသွားပြီ။ ဒါကြောင့် သူ မရှင်းနိုင်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တခုတည်းမှာပင် ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေအတွက် စာရင်းရှင်းလင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ အရေအတွက်က ၄၇၇ ခုကျန်ရှိတဲ့အကြောင်း ဗဟိုဘဏ်ရဲ့ ၂၀၂၁ခုနှစ် သြဂုတ်လအတွင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ၂၀၁၉ ခုနှစ် တနှစ်တာကာလအတွင်းမှာလည်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့  ကုမ္ပဏီအရေအတွက်က ၆၆၃ ခုရှိပြီး ငွေပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၆ ဒသမ ၈ သန်းရှိပါတယ်။ ဒီအထဲက MYANMAR WANBAO MINING COPPER ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်နဲ့  အများဆုံးရှိခဲ့ တာတွေ့ရပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၈(ခ) အရ ဘယ်သူမှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ ပျက်ကွက်ခြင်း မရှိစေရ၊ ဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အဆိုပါဥပဒေ ပုဒ်မ-၄၂(က) အရ ထိုသူကို တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013