
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက မီးရှို့လာတာ ကျေးရွာပေါင်း ၂၀ ကျော် ရှိလာပြီလို့ ခင်ဦးမြို့နယ် ဒေသခံတွေက ပြောပါတယ်။
“ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက် ပြီးတော့ ရွာတွေကို မီးရှိုတာတွေ လုပ်ဆောင်နေပါတယ်။ အခုဆိုရင် ရွာပေါင်း ၂၈ ရွာအထိ ရှိလာပြီ။ ဘာလို့ အဲဒီလို မီးရှို့ခံရတာလဲဆိုတော့ အင်တာနက်ဖြတ်တောက်ခံရတာရယ်၊ မီဒီယာ တွေ ချိတ်ဆက်တာ အားနည်းမှုကြောင့် ခင်ဦးမြို့နယ်တွင်းက ကျေးရွာတွေ အခုလို မီးရှို့ ဖျက်ဆီးခံရတာ ပိုမိုများပြားလာတယ်” လို့ ခင်ဦးဒေသခံပြည်သူတဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ မြင်းကျကျေးရွာကိုလည်း မေ ၈ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ် ကား ၃ စီးနဲ့ အင်အား ၆၀ လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထဲကလူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ မပြေးနိုင်တဲ့သူတွေလောက်ပဲ အိမ်စောင့်အဖြစ်နဲ့ ကျန်ခဲ့တယ်” လို့ ရွာခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွာထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို တချို့ကျန်ခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
မြင်းကျကျေးရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ရေဦးမြို့ဘက် ပြန်လာတဲ့ ကား ၃ စီးကို အင်းပတ်ကွေ့အနီးမှာ KSO အဖွဲ့က အသင့်ဆင်ထားတဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကား ၁ စီး ထိမှန်ခဲ့ပြီး အကျအဆုံးရှိနိုင်ပါတယ်လို့ ခင်ဦးမြို့နယ် KSO အဖွဲ့မှ ဗိုလ်လင်းရောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း ပျဥ်ထောင်ရွာမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေက တဲစုကျေးရွာရှိ နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာတွေကတော့ တောတပင်ကောင်းရွာက အိမ်ခြေ ၅၀၊ သံဘိုရွာက အိမ် ၂၀၀၊ ပေါက်တုံရွာနဲ့ ကျီးကန်ရွာက အိမ် ၁ လုံးစီ၊ ရွာသာရွာက အိမ် ၆၅ လုံး၊ ရွာသစ်ကုန်း ရွာကအိမ် ၃၀၊ ဒါန်းကုန်းကျေးရွာအိမ် ၄၃ လုံး၊ မှန်တောရွာကအိမ် ၃၈ လုံး၊ ကျွန်းလည်ကျေးရွာကအိမ် ၇ လုံး၊ သက်ပေးကျေးရွာက အိမ် ၁၃ လုံး၊ တမုတ်ကျေးရွာက ၉၃ လုံး၊ ကုလားလူး ကျေးရွာကအိမ်ခြေ ၃၄ လုံး၊ ရှားလွင်ကျေးရွာက အိမ် ၄၇ လုံး၊ ငါးတင်းကြီးကျေးရွာက အိမ်ခြေ ၂၅၀၊ မင်းဝံစိုက်ကွင်းက အိမ် ၅ လုံး၊ မဒေါင်းကြီးကျေးရွာက အိမ် ၃ လုံး၊ အုန်းပင်ကုန်းကျေးရွာကအိမ် ၃ လုံး၊ အင်းပက် ကျေးရွာကအိမ် ၃၀၅ လုံး၊ ဂွေးကုန်းကျေးရွာက အိမ် ၁ လုံးနဲ့ မြင်းကျကျေးရွာနဲ့ တဲစုရွာအခြေအနေကိုတော့ အတည်မပြုသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အခုလက်ရှိ ခင်ဦးမြို့နယ်အတွင်းက မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေစာရင်းကို ဒေသခံတွေဆီကနေ မေ ၈ ရက်အထိသာ စာရင်းပြုစုထားပြုထားတာဖြစ်ပြီး အနည်းငယ် ကွဲလွဲမှု ရှိနိုင်ကြောင်းနဲ့ လက်ရှိစာရင်းဇယားအရ စုစုပေါင်း အိမ်ခြေ ၁၅၀၀ နီးပါး မီးရှို့ခံထားရကာ အိမ်ထောင်စုပေါင်း ၂၀၀ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။