
မကွေးတိုင်း မြိုင်မြို့နယ်မှာ မေ ၁ ရက်ကနေ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားပြီး ပြည်သူ ၃ ဦးအား သတ်ဖြတ်သွားတယ်လို့ မြိုင် PDF က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ် ဝက်ပုတ်ရွာကနေ ကန်နီရွာအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက ခုခံတိုက်ခိုက်လို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ မြိုင်PDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
“အဲဒီစစ်ကြောင်းက မြိုင်မြို့နယ် မြောက်ဘက်ခြမ်းကို ပတ်ပြီးစစ်ကြောင်းထိုးတာဗျ။ ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့တွေအများအပြား ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ၊ သူတို့ဘက်က ၁၀ ယောက်ကျော်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်။ ကျနော်တို့က ပြောက်ကျားနည်းဗျူဟာကို အသုံးပြုပြီတိုက်ခိုက်တာဖြစ်လို့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဘေးကင်းခဲ့ကြတယ်။”
စစ်ကောင်းစီတပ်တွေ စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၄ ရွာက ဒေသခံပြည်သူတွေကို ဘေးကင်း တဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၃ ယောက်ကတော့ စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်တွေဟာ ကျေးရွာ ၄ ရွာကို ဝင်မွှေသွားတယ်ဗျ။ အဲဒီထဲက ရွာသစ်ကြီး၊ နှံစားကျင်းနဲ သံဘိုကြီးကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးခဲ့ကြတယ်” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရွာသစ်ကြီးရွာမှာ နေထိုင်သူတဦးက “စစ်ကောင်စီတပ်တွေက ကျနော်တို့ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာလို့ ရွာသူရွာသားတွေအားလုံး အဝတ်တထည်ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာဗျ။ ကျနော်တို့ ရွာကို မေ ၁ ရက်နေ့နဲ့ ၂ ရက်နေတွေမှာ ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ အနက် ၇၀ ကျော်လောက် မီးလောင်ပြာကျခဲ့ရတယ်” လို့ ပြောပါတယ်။
မီးမလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေက ပစ္စည်းတွေ၊ TV တွေ အားလုံးကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ စာနပ်ရိက္ခာတွေကိုလည်း စားသောက်လို့ မရအောင် ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာပေါင်း ၁၉ ရွာလောက်က ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အမြဲငြင်းဆိုလေ့ရှိပါတယ်။