DVB Logo
Home
Lead Story
အပူစာစားတဲ့ မင်း‌အောင်လှိုင်နဲ့ အပူစာဟပ်တဲ့ စစ်ဓားပြတပ်
DVB
·
May 6, 2022
အပူစာစားတဲ့ မင်း‌အောင်လှိုင်နဲ့ အပူစာဟပ်တဲ့ စစ်ဓားပြတပ်
Donate to DVB

ပြည်သူလူထု အများစု လက်မခံတဲ့ စစ်အာဏာသိမ်းမှုကို ကြံစည်ကျူးလွန်ခဲ့တဲ့ သမ္မတရူး မင်းအောင်လှိုင်ဟာ မူလပိုင်ရှင်မပေးလိုတဲ့ နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ပြီး ပိုင်ရှင် ပြည်သူတွေကို သတ်ဖြတ်လုယူတယ်ဆိုတာ အပူစာကို မြိုဆို့စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပူစာဟာ မသဒ္ဓါရေစာ စားသောက်တာမို့ လောင်ကျွမ်း ပျက်စီးခြင်းသာ အဆုံးသတ် နိဂုံးရှိတာကို စစ်မိစ္ဆာမင်းအောင်လှိုင် သိဟန်မတူပါဘူး။ သိခဲ့ရင်လည်း အခုလို မိုက်မဲတဲ့ ကံဆိုးကံယုတ်တွေ ကျူးလွန်ရဲမှာ မဟုတ်ပါဘူး။

ရှေ့ဆောင်ငနွား ကောက်ကောက်သွားသော် နောက်နွားတသိုက် ကောက်ကောက်လိုက်တယ် ဆိုတဲ့ စကားလိုပဲ ရှေ့က လူစဉ်မမီတဲ့ ခေါင်းဆောင်ငပုသာဝက အပူစာလုစားတော့ သူ့နောက်က စစ်ဓားပြတပ်ကလည်း ပြည်သူလူထုက မကြည်ဖြူတဲ့ အပူစာတွေ ဟပ်ကြတော့တာပါပဲ။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ သတင်းတွေထဲမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်တိုက်ပွဲအပြီး Myanmar Defense Force ဒေသခံကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၉ ရက်နေ့မှာ နယ်မြေရှင်းလင်းရင်း ခလရ ၈၇ စစ်ကောင်စီတပ်မှ သေဆုံးသူ ဒုဗိုလ်အဆင့်ရှိသူရဲ့ ကျည်ကာအင်္ကျီ အိတ်ကပ်အတွင်းကနေ ရွှေလက်ကောက်ငါးကွင်း တွေ့ရှိခဲ့တာမို့ ပိုင်ရှင်စုံစမ်းပြီး ပြန်အပ်နိုင်ရန် စီစဉ်နေကြောင်း သတင်းကို ဖတ်ခဲ့ရပါတယ်။

“ဒီကောင်တွေ (စစ်ကောင်စီတပ်သား) ဟာ မဟုတ်တာတော့ ကျိန်းသေတယ်။ ဘယ်ရွာကနေ ဖောက်ထွင်းပြီး ယူလာကြလဲ မသိဘူး။ နယ်မြေရှင်းလင်းတဲ့အချိန် အပွင့်နဲ့ ကောင်တကောင်ရဲ့ ကျည်ကာအင်္ကျီမှာ ထည့်ထားတာ တွေ့တာ။ ဒေသခံ ပ.က.ဖ တွေနဲ့ ချိတ်ဆက်မေးမြန်းပြီး ပိုင်ရှင်ပေါ်လာရင် ပြန်အပ်နိုင်ဖို့ စီစဉ်နေပါတယ်။ လက်ရှိတော့ ကျနော်တို့ တာဝန်ရှိသူတွေက ထိန်းသိမ်းထားပါတယ်” လို့ Myanmar Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်တော်ဝင်က ပြောခဲ့တာဖြစ်ပါတယ်။

ဧပြီလ နောက်ဆုံးအပတ်အတွင်း မင်းကင်းဒေသမှာ ငါးရက်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဓားပြတပ် ခလရ ၈၇ ခြေလျင်စစ်ကြောင်း အထိအခိုက် အကျအဆုံးများစွာနဲ့ ကနီနယ်သို့ ဆုတ်ခွာသွားရကြောင်း MDF က ထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီဓားပြတပ်ဟာ ဧပြီ ၂၅ ရက်နေ့မှ စတင်လို့ ပျူစောထီး‌တွေ အပါအဝင် အင်အား ၂၀၀ ခန့်နဲ့ မင်းကင်းမြို့နယ်ရှိ လောင်းပြည့်ရွာ၊ ချောင်းဖျားရွာ၊ သံပေါက်ရွာနဲ့ ဇင်ကလဲရွာ‌တွေကို ရွာလုံးကျွတ်နီးပါး မီးရှို့သွားခဲ့တယ်လို့ ဗိုလ်တော်ဝင်က ပြောတဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။

မတရား အာဏာသိမ်းတာကို လက်မခံကြတဲ့ ဆန္ဒပြ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နင်းစကလည်း ပလာတာဆိုင် ပလာတာခိုးစား၊ လက်ကိုင်ဖုန်းဆိုင်ထဲ ရောက်ရင် လက်ကိုင်ဖုန်း လုယူခဲ့ကြရာက မြို့ပေါ်က ပြည်သူ့အိမ်ရာတွေထဲဝင် မဆိုင်သူတွေကိုပါ ဖမ်းဆီး ပြန်ပေးဆွဲ၊ ငွေတောင်း၊ အဖိုးတန်တာတွေသိမ်းယူ၊ သူတပါးအိမ်ရာတွေ ချိပ်ပိတ်ပြီး အပူစာဟပ်ကြတာ မဟားတရားပါပဲ။

အခုချိန်မှာတော့ အရှိန်ရလာပြီး ကျေးလက်‌တောရွာတွေထဲအထိဝင် ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်၊ နွား အကုန်ဆွဲ လူသတ်ဓားပြတိုက် ပြန်ပေးဆွဲ၊ လက်စွပ်ချွတ်၊ နားကပ်ချွတ်၊ လက်ကောက်ဖြုတ် မကောင်းတာ အကုန်လုပ်တဲ့ ဓားပြတပ်ဖြစ်နေပြီ မဟုတ်လား။

ဗုဒ္ဓဘာသာ အဆုံးအမမှာ အကုသိုလ်မကင်းတဲ့ အလုပ်တွေနဲ့ မတရားသဖြင့် နည်းလမ်းတွေသုံး၊ သူတပါးကို ညှဉ်းဆဲသတ်ဖြတ် မျက်ရည်ကြီးငယ်ကျစေပြီး ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးခြင်းကို မိစ္ဆာဇီဝလို့ သတ်မှတ်ပါတယ်။

မြတ်စွာဘုရားရှင်‌ ဟောကြားတော်မူခဲ့တဲ့ သံယုတ္တနိကာယ်၊ ပဌမအနာထပိဏ္ဍိက သုတ်ထဲမှာ မှားယွင်းသော အသက်မွေးမှု 'မိစ္ဆာဇီဝ' နှင့် ပြည့်စုံသော အကြားအမြင်မရှိသော ပုထုဇဉ်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရ၏ လို့ ပါရှိပါတယ်။

ဒါကြောင့် ပြည်သူ့အာဏာလု အသက်မွေးတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဓားပြဝေစုခွဲသလို မမှန်ကန်တဲ့ နည်းလမ်းတွေ၊ အဂတိလိုက်စားမှုမျိုးစုံနဲ့ နိုင်ငံ့ဘဏ္ဍာ၊ ပြည်သူပိုင်သယံဇာတ၊ သစ်တော၊ မြေယာတွေ ရယူပြီး ချမ်းသာကြွယ်ဝလာကြတဲ့ စစ်ဗိုလ်ယုတ်အသိုင်းအဝိုင်းတွေ၊ အကျင့်ပျက် သီလမဲ့ ဝိသမလောဘသား ခရိုနီတွေ၊ ဖက်ဆစ်စစ်တပ်ထဲက ကျေးဇူးတရား မသိတတ်တဲ့ စစ်ဗိုလ်စစ်သား လက်မရွံ့ အာဏာပါးကွက်သား အားလုံးဟာ အပူစာလုပြီး အပူစာစားကြတဲ့ မိစ္ဆာဇီဝနဲ့ အသက်မွေးဝမ်းကျောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။

ပြည်သူကိုသတ်ဖြတ်ဖို့ အကြမ်းဖက်စစ်ကောင်စီကို လူသတ်လက်နက် ခဲယမ်းမီးကျောက်တွေ ဝယ်ယူပေးနေကြတဲ့ စစ်လက်နက်ပွဲစားတွေ၊ လူသတ်အာဏာလု စစ်ကောင်စီသစ္စာခံ အလုပ်အကျွေးပြုနေကြတဲ့ Non-CDM ဝန်ထမ်းတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်း‌ထောင်တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ဆန္ဒပြ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး‌ သွေးမျက်ရည်လူးတဲ့ ထမင်းစားသူတွေဟာ မိစ္ဆာဇီဝ အသက်မွေးသူတွေပါပဲ။

လက်နက်အားကိုးပြီး ပြည်သူလူထုကို အနိုင်အထက်ကျင့်လို့ အပူစာစား ကြီးပွားချင်ကြတဲ့ စစ်အခွင့်ထူးခံ လူ့အန္ဓအားလုံးဟာ ဒီဘဝမှာတင် သူတို့ကျူးလွန်တဲ့ မဟာအကုသိုလ် အပြစ်ဒဏ်တွေကို ပြန်လည်ပေးဆပ်ရရုံတင်သာမက မမြဲတဲ့ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်တွင်ပါ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲကို ကျရောက်ပြီး ကံကြွေးကျေသည်အထိ ပေးဆပ်ကြရအုံးမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013