DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်အသုံးပြုမှု စောင့်ကြည့်ပြီး ပြည်မြို့က ရှေ့နေအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
May 4, 2022
ဖေ့စ်ဘွတ်ခ်အသုံးပြုမှု စောင့်ကြည့်ပြီး ပြည်မြို့က ရှေ့နေအပါအဝင် ဒေသခံ ၅ ဦးကို  စစ်ကောင်စီက ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့က တရားလွှတ်တော်ရှေ့နေ ကိုတေဇာအောင်၊ မဟေမန်၊ ကိုနောင်နောင်နဲ့ အမည်မသိ သားအဖနှစ်ယောက် စုစုပေါင်း ၅ ယောက်တို့ကို စစ်ကောင်စီတပ်သားတွေက သူတို့နေအိမ်တွေကနေ လာရောက်ဖမ်းဆီးသွားပါတယ်။

တရားလွှတ်တော်ရှေ့နေ ကိုတေဇာအောင်ကို သူနေထိုင်တဲ့ နဝင်းဝါရုံလမ်းက အိမ်မှာ မေ ၃ ရက် မနက် ၃ နာရီလောက်မှာ လာဖမ်းသွားတာဖြစ်ပြီး ကိုနောင်နောင်ကိုတော့ ဧပြီ ၂ ရက်က သူ့အလှပြင်ဆိုင်ဖွင့်တဲ့ အုန်းတောလမ်းကအိမ်မှာ လာဖမ်းသွားသလို မဟေမန်ကိုလည်း သူနေထိုင်ရာ ကျောင်းကြီးအိုးတန်းရပ်ကွက်ကနေ ဖမ်းသွားတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ PDF သတင်းတွေနဲ့ သတင်းဌာနတွေက ဖော်ပြထားတဲ့ သတင်းတွေကို Share တာ၊ Like လုပ်တာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် ဒလန်တွေကနေတဆင့် စစ်ကောင်စီထံ သတင်းပို့ထားတာကြောင့် စောင့်ကြည့်ခံနေရာကနေ အခုလို အဖမ်းခံရတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်ကနေ Like, Share တွေ လုပ်တာကြောင့် အဖမ်းခံနေရတာတွေ များနေတာ၊ တကယ်က သူတို့က သာမန်ပြည်သူတွေပါ၊ PDF လည်း မဟုတ်သလို NLD ပါတီဝင်တွေတောင် မဟုတ်ကြပါဘူး။ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ကြတာကြောင့် သူတို့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်တွေကနေ သူတို့စိတ်ခံစားချက်တွေကို ရင်ဖွင့်ရုံသက်သက်နဲ့ အခုလို အဖမ်းခံနေရတာ။ လိုင်းပေါ်မှာက အဲ့ဒါတွေကို သက်သက်ထိုင်ကြည့်ပြီး သတင်းပေးနေတဲ့ ဒလန်တွေ ရှိနေတာ။ သူတို့ အဲ့ဒါတွေကို သတိမထားမိတော့ အခုလိုတွေ အဖမ်းခံနေရတာ။”

ဧပြီ ၁ ရက်ကလည်း ပြည်မြို့ နဝင်းတာရိုး လမ်းပေါ်မှာနေတဲ့ မိသားစုတစုလုံးကို စစ်ကား ၇ စီးနဲ့ ဝိုင်းဖမ်းခဲ့ရာမှာ ဖုန်းတွေကို အရင်တောင်းယူပြီး ကလေးငယ်တွေ အပါအဝင် မိသားတစုလုံးကို ဖမ်းသွားခဲ့ပါတယ်။ နောက်တနေ့မှာတော့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးပြီး ဖခင်နဲ့ သားလုပ်သူကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံထားရဲ့ တရားလွှတ်တော်ရှေ့နေ ကိုတေဇာအောင်ကို (ဒကစ) စစ်ကြောရေးစခန်းထဲမှာ စစ်ဆေးနေပြီး သူ့ကိုတော့ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။

မဟေမန်ကတော့ ဘယ်မှာ ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးဘဲ ပျောက်ဆုံးနေကာ အိမ်နဲ့ အဆက်အသွယ်မရလို့ သူ့မိသားစုတွေက အရမ်းစိုးရိမ်နေကြပါတယ်။

ကိုနောင်နောင်ကိုတော့ မြို့မရဲစခန်း အချုပ်ထဲမှာ စစ်ဆေးနေပြီး မိသားစုနဲ့တော့ တွေ့ခွင့်မပေးသေးဘူးလို့ မြို့မရဲစခန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013