DVB Logo
Home
မြန်မာသတင်း
နေအိမ်များကိုချိပ်ပိတ်ပြီး‌ ရောင်းစားရန် စစ်ကောင်စီပြင်ဆင်မှု တည်ဆဲဥပဒေနှင့်မညီဟု ဥပဒေပညာရှင်များ ပြော
DVB
·
May 2, 2022
နေအိမ်များကိုချိပ်ပိတ်ပြီး‌ ရောင်းစားရန် စစ်ကောင်စီပြင်ဆင်မှု တည်ဆဲဥပဒေနှင့်မညီဟု ဥပဒေပညာရှင်များ ပြော
Donate to DVB

အန်အယ်လ်ဒီအမတ်တွေ၊ ပါတီဝင်တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်ရုံတင်မက ရောင်းစားဖို့အထိ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့  ဥပဒေပညာရှင်တွေက ပြောပါတယ်။ 

စစ်ကောင်စီက ၂၀၂၂ မတ် ၁၈ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အဦ စုစုပေါင်း ၂၈၀ ကျော်ကို ချိပ်ပိတ်ခဲ့တယ်လို့ NLD က မတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

NLD လွှတ်တော်ကိုယ်စားလှယ် ၉၅ ယောက်နဲ့ ပါတီဝင် ၆၀ တို့ရဲ့ နေအိမ် ၁၆၂ လုံး၊ လုပ်ငန်းအဆောက်အဦ ၂၄ လုံးနဲ့ ယာဉ် ၄ စီး သိမ်းဆည်းချိပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

အဲ့ဒီနောက်ပိုင်းမှာ ထပ်မံချိပ်ပိတ်တာတွေ သိမ်းဆည်းတာတွေကို စစ်ကောင်စီက ဆက်လက်ပြုလုပ်ခဲ့ပြီး ဧပြီလကုန်မှာ ချိပ်ပိတ်ထားတဲ့အိမ်တွေကို ရောင်းစားဖို့ စစ်ကောင်စီက ပြင်ဆင်လာပါတယ်။ တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေ၊ နာမည်ကျော်အနုပညာရှင်တွေရဲ့အိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ရဲ့ပြဋ္ဌာန်းချက်တွေအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အဲ့ဒီပြစ်မှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းရမည်လို့ ဖော်ပြထားတာကို စစ်ကောင်စီက အသုံးချနေတာဖြစ်ပါတယ်။ 

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က  “မြန်မာနိုင်ငံတည်ဆဲဥပဒေတွေထဲမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့မှာ ဘာပါလဲဆိုတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အဲ့ဒီပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါတယ်။ တကယ့်လုပ်ထုံးလုပ်နည်းကတော့ အဲ့ဒီအိမ်ကို သိမ်းတော့မယ်ဆိုရင် တရားရုံးကနေမှ ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့အညီ တရားဝင်ဝရမ်းကပ်ရတယ်၊ အိမ်ကို တရားရုံးရဲ့ထိန်းသိမ်းမှုအောက်မှာ ထားရတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ အိမ်ကိုချိပ်ပိတ်ခွင့်ရှိတယ်ပေါ့။ အမှုကို အပြီးသတ်အမိန့်တရားရုံးက ကျပြီဆိုတော့မှ ချက်ချင်းသိမ်းလို့မရသေးဘူး။ သီးခြားအမှုတခု ရာဇဝတ်အထွေထွေမှု ထပ်ဖွင့်ရတယ်။ ဒါကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသည် ဆိုတဲ့အမိန့်ကို ထပ်ချပေးရတယ်။ ရာဇဝတ်အထွေထွေအမှုဖွင့်ပြီးတော့ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းလိုက်တဲ့ ပစ္စည်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တရားဝင်လွှဲပြောင်းပြီးမှ ကော်မရှင်က တင်ဒါစနစ်နဲ့ (သို့မဟုတ်) လေလံစနစ်နဲ့ပြန်ပြီးရောင်းချပေးတာပေါ့။ အခုကတော့ အမှုဖွင့်လိုက်တာနဲ့ အိမ်တွေကို စစ်ဆေးစီရင်မှု အပြီးသတ်အမိန့်လည်း မချရသေးဘဲ ရောင်းချမယ်ဆိုတာကတော့ ဥပဒေနဲ့ညီညွတ်မှုမရှိပါဘူး။"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ထင်ရှားကျော်ကြားသူတွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဆက်တိုက်ချိပ်ပိတ်နေတဲ့လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ရှုတ်ချပြီး ချိပ်ပိတ်ခံရသူတွေဟာ သူတို့ဆီမှာ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ အိမ်တွေကို ချိပ်ပိတ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ ပြန်ရောင်းစား ဖို့ ကြံစည်နေတာဟာ မတရားမှုဖြစ်တယ်လို့ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်တွေကို ဥပဒေမဲ့ သိမ်းဆည်းပြီးရုံတင်မကဘဲ ပြန်လည်ရောင်းချတယ်ဆိုတာ ဥပဒေနဲ့ညီရဲ့လားပေါ့နော်။ ဥပဒေနဲ့မညီဘဲ အခုလိုလုပ်တာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်လားပေါ့နော်။ ဒါတွေကို ကျနော်တို့ စိတ်မကောင်းဘူး။ မတရားမှုတွေကို တနိုင်ငံလုံးက ပြည်သူတွေ ခါးစည်းခံနေရတာ။ အပြင်းအထန်ကန့်ကွက်ပါတယ်။ ပြည်သူတွေအားလုံးက ဒီဟာ မတရားမှုမှန်း သိရှိခံစားနားလည်နိုင်ကြမှာပါ။ နောက်ထပ် ဒီလိုသိမ်းဆည်းမှုတွေ ဖြစ်မလာပါစေနဲ့လို့ပဲ ကျနော် ဆုတောင်းပါတယ်။"

အရင်အခြေအနေတွေတုန်းက ချိပ်ပိတ်ခံထားရတဲ့ အိမ်တွေနဲ့ပတ်သက်ပြီး ရောင်းချတဲ့အဆင့်အထိရောက်ဖို့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီက လုပ်ထုံးလုပ်နည်းတွေကိုကျော်ပြီး အိမ်တွေကိုရောင်းချဖို့ ကြံစည်နေတာဖြစ်ပါတယ်။ ချိပ်ပိတ်ခံထားရတဲ့ အိမ်ကိုရောင်းချပြီးရင် အစိုးရက အကုန်လုံးသိမ်းယူခွင့်မရှိဘဲ မူလအိမ်ပိုင်ရှင်ကို သတ်မှတ်ထားတဲ့အချိုးတခု ပြန်ပေးရတဲ့ သတ်မှတ်ချက်တွေလည်းရှိပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “တရားရုံးလုပ်ဆောင်မှုက သူ့ပုံမှန်အတိုင်းဆိုရင်တော့ ချိပ်ပိတ်ထားတဲ့အချိန်မှာတော့ ရောင်းခွင့်မရှိသေးဘူး။ တရားရုံးက ဆုံးဖြတ်ချက်ချပြီးပြီဆိုတဲ့ အချိန်မှာတော့ ပုံစံတမျိုးရှိတာပေါ့လေ။ ပြောချင်တာကတော့ အကြပ်ကိုင်တာပေါ့။ တရားဝင်လုပ်ထုံးလုပ်နည်းအရဆိုရင် လေလံပစ်ရတယ်။ လေလံပစ်ပြီးမှ လာဆွဲ အဲ့ဒါမျိုးတွေ လုပ်ရတယ်။ ငွေဘယ်လိုသွင်းရတယ်။ ပိုင်ရှင်ကိုဘယ်လိုပြန်ခွဲပေးမလဲဆိုတာရှိရတယ်။ အစိုးရက အကုန်လုံးယူလို့မရဘူး။ ပြန်ပေးရသေးတယ်။ ပိုင်ရှင်ကို ပြန်ပေးရသေးတယ်။ အစိုးရက သူချည်းယူလို့ မရဘူးလေ။ ဥပမာ အိမ်က သိန်း ၁၀၀၀ တန်တယ်ကွာ။ လေလံဆွဲတဲ့သူက သိန်း ၄၀၀ လောက်ပဲပေးမယ့်သူရှိတယ်ဆိုရင် ၄၀၀ ပဲပေါ့။ အဲ့ဒီမှာမှ နိုင်ငံတော်ကိုဘယ်လိုသွင်းမလဲ။ ပိုင်ရှင်ကို ဘယ်လိုပြန်ပေးမလဲရှိရတယ်။ နောက်တခု သိန်း ၁၀၀၀ တန်ကို အပြိုင်အဆိုင်ဆွဲပြီး သိန်း ၂၀၀၀ လောက်ရတယ်ဆိုရင် ပိုတာတွေကို ပိုင်ရှင်ကိုပေးရမယ်။ အဲ့ဒါလုပ်ထုံးလုပ်နည်းတွေ အများကြီးပဲ။ နောက်ပြီးတော့ အိမ်ကပစ္စည်းတွေကို ယူခွင့်မရှိဘူး။ အိမ်အပြင်ထုတ်ထားပေးရတယ်။ ပိုင်ရှင်ကလာယူချင်ယူပေါ့။ အိမ်ကိုလာချိပ်ပိတ်တဲ့သူက ပစ္စည်းတွေ ယူသွားတယ်ဆိုရင် ဥပဒေနဲ့မညီဘူး။ ဒါ တမင်သက်သက် ဥပဒေကို ချိုးဖောက်နေတာပဲ။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တရားစီရင်ရေးမဏ္ဍိုင်ဟာ ပျက်စီးပြိုလဲခဲ့ပြီး ပြည်သူတွေဟာ ဥပဒေရဲ့အကာအကွယ်ကိုမရဘဲ စစ်ကောင်စီက စိတ်ထင်သလိုပြုမူနေတာတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ် အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုတောင် စစ်ကောင်စီက ဥပဒေမဲ့ကျူးလွန်ခဲ့ပြီး အခု အိမ်တွေကို ချိပ်ပိတ်ပြီး ရောင်းစားဖို့ပြင်ဆင်နေတာဟာ တော်လှန်ရေးမှာပါဝင်သူတွေကို စိတ်ပိုင်းဆိုင်ရာအရ  ထိခိုက်အောင်လုပ်နေတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013