DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်
DVB
·
April 30, 2022
ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်
Donate to DVB

ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ   ဧပြီ ၃၀ ရက် ဒီနေ့ နေ့လယ်က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုင်းလိတ်က  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဦးခွန်းထွန်းဦးဟာ ဦးနှောက်သွေးကြောပြတ်ပြီး  ရုတ်တရက်ကွယ်လွန်သွားတာဖြစ်ပြီး ဆေးစစ်ချက်တော့မရသေးတဲ့အကြောင်း တခြားရောဂါ အခံမရှိဘဲ လွန်ခဲ့တဲ့ ၁၄ ရက်လောက်က တွေ့ဆုံစဉ် ကျန်းမာရေး အတော်လေးကောင်းမွန်တယ်လို့    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ်ရှိ ဦးခွန်ထွန်းဦးဟာ နှစ်ပေါင်း ၃၀ ကျော် မြန်မာ့နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ဦးဆောင်ဖွဲ့စည်းတည်ထောင်ရာမှာ ပါဝင်ခဲ့သူ၊ နိုင်ငံရေးခံယူချက်ကြောင့် နှစ်ရှည်ထောင်သွင်း အကျဉ်းချခံခဲ့ရသူဖြစ်ပြီး ထောင်က ပြန်ထွက်လာပြီးတဲ့နောက်မှာလည်း  ပါတီကို ဆက်လက်ဦးဆောင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာတော့ သူဟာ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဆီစာတင်ခဲ့ပေမဲ့ ပါတီဝင်တွေရဲ့ တောင်းဆိုချက်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးသွားတဲ့အထိ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ 

ဝါရင့်နိုင်ငံရေးသမား ဦးခွန်ထွန်းဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ကျော်ရှိပြီဖြစ်ပြီး  ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီကလည်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ခဲ့တာဖြစ်ပါတယ်။ 

ဦးခွန်ထွန်းဦးကို  ရှမ်းပြည်နယ် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်က  ရှမ်းပြည်နယ် သီပေါမြို့မှာ မွေးဖွားခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာ တောင်ကြီးမြို့၊ ကမ္ဘောဇကောလိပ်ကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ဥပဒေဘာသာရပ်ကို ဒုတိယနှစ်အထိ သင်ကြားခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူးရဲ့ ကိုယ်ရေးအရာရှိ၊ ၁၉၈၄ ခုနှစ်မှာ နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)ရဲ့ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၈၈  ဒီမိုကရေစီအရေးတော်ပုံအပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD ပါတီကို ဦးဆောင်ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ SNLD ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။

၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာ  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)မှာ SNLD ရဲ့  ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး တိုင်းရင်းသားအရေးတွေကို ရှေ့တန်းက တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ နအဖ စစ်အစိုးရက ဦးခွန်ထွန်းဦးကို နိုင်ငံတော် ပုန်ကန်မှုနဲ့  ထောင်ဒဏ်  ၉၃ နှစ် ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013