
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တောင်ယာမီးရှို့ရာကနေ မသန်စွမ်း သက်ကြီးပိုင်း အမျိုးသားတယောက် မီးလောင်သေဆုံးခဲ့တယ်လို့ အမ်းဒေသခံတွေဆီက သိရပါတယ်။
အမ်းမြို့နယ်၊ လုတ်ရပ်ကျေးရွာက အသက် ၇၅ နှစ်အရွယ် ခြေမသန်စွမ်းသူ အမျိုးသားတယောက်ဟာ မေ ၄ ရက်က သူ့ရဲ့တောင်ယာကို မီးသွားရှို့စဉ်မှာ မီးလောင်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ အမ်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူက အစကတည်းကလည်း ခြေတဖက် မသန်စွမ်းဘူးလို့ သိရတယ်။ ပုံမှန်လည်း တောင်ယာသွားနေကြပဲ။ အခင်းဖြစ်တဲ့နေ့က သူ့ရဲ့တောင်ယာကို မိုးရာသီစိုက်ပျိုးဖို့အတွက်ဆိုပြီး မီးသွားရှို့တာ။ အဲဒီမှာ အချိန်မီ အိမ်ပြန်မရောက်တာကြောင့် မိသားစုတွေက သွားရှာကြတာမှာ သူ့ရဲ့ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့တာ။ သူက ခြေတဖက်မသန်သူဆိုတော့ ခြေချော်ပြီး လဲကျရာက ပြန်မထနိုင်ဘဲ မီးလောင်ဒဏ်နဲ့ သေသွားတာလို့ ယူဆရတယ်။”
မီးလောင်ပြီး သေဆုံးသွားသူမှာ အမ်းမြို့နယ်၊ လုတ်ရပ်ကျေးရွာက ဦးဉာဏ်ထွန်းဦး (၇၅ နှစ်) ဖြစ်ပြီး ရွာရဲ့ တောင်ဘက်မှာရှိတဲ့ သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ မီးလောင်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အမ်းမြို့နယ် ကျေးရွာအများစုမှာ တောင်ယာကို အဓိက လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ကြကာ မိုးမကျခင် တောင်ယာခုတ်ထွင် မီးရှို့လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်က မြို့နယ်တချို့မှာ ဒေသအာဏာပိုင်တွေက တောင်ယာမီးရှို့စိုက်ပျိုးတာဟာ မြေဆီလွှာတွေကို ပျက်စီးစေနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေတာကြောင့် မလိုလားအပ်ဘဲ တောမီးရှို့တာတွေ မပြုလုပ်ကြဖို့ သတိပေးတာတွေလည်း ရှိတယ်လို့ ULA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။










