DVB Logo
Home
Lead Story
စစ်အခွင့်ထူးခံအင်ပါယာရဲ့ နောက်ဆုံးနေ့ရက်များ စတင်ရေတွက်ခြင်း
DVB
·
April 29, 2022
စစ်အခွင့်ထူးခံအင်ပါယာရဲ့ နောက်ဆုံးနေ့ရက်များ စတင်ရေတွက်ခြင်း
Donate to DVB

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တိုးတက်မှုဖြစ်စဉ်တွေက ညွှန်ပြနေတာကတော့ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို လွတ်လပ်ရေးရစဉ်ကတည်းက နှစ်ပေါင်း‌ ၇၄ နှစ်တိုင်အောင် လက်နက်အားကိုးနဲ့ ဗိုလ်ကျအုပ်စိုးမင်းမူ ဒုက္ခပေးလာခဲ့တဲ့ စစ်အခွင့်ထူးခံ အင်ပါယာဟာ သက်တမ်းကုန်လို့ သူ့ရဲ့နောက်ဆုံးနေ့များကို စတင်ရေတွက်နေရတဲ့အခြေကို ဆိုက်ရောက်လို့လာပြီ ဆိုတာပါပဲ။

သံကို သံဖျက် သံချေးတက်ဆိုသလို စစ်အခွင့်ထူးခံ ငမိုက်သားတွေကိုယ်တိုင်ရဲ့ မကောင်းမှု ဒုစရိုက်တွေနဲ့ သူတို့ရဲ့ ကမ်းကုန်အောင် ရက်စက်ယုတ်မာ အကျင့်ပျက်မှုတွေ၊ ခွင့်မလွှတ်ထိုက်တဲ့ ရာဇဝတ်ပြစ်မှုကြီးတွေကြောင့် နိုင်ငံသူနိုင်ငံသားအားလုံး ရွံရှာမုန်းတီးခြင်းခံရပြီး ဘုံရန်သူဘဝ ရောက်ခဲ့ရတာမို့ အခြေမဲ့သွားတဲ့ စစ်အခွင့်ထူးခံ အင်ပါယာဟာ မကြာခင် ဗုန်းဗုန်းလဲကျသွားမှာကို ကျနော်တို့ခေတ်မှာ မျက်ဝါးထင်ထင် မြင်ခွင့်ရမှာ ဖြစ်ပါတယ်။

ရုပ် နာမ် ဒွန်တွဲနေတဲ့ သက်ရှိသတ္တဝါပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတခု ဖြစ်ဖြစ်၊ လက်နက်ကိုင် အဖွဲ့အစည်းတခုပဲ ဖြစ်ဖြစ် ရှင်သန်နိုင်ဖို့ မျှခြေမှာ တည်နိုင်ဖို့ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှတဖို့၊ ဝင်ငွေ ထွက်ငွေ မျှတဖို့၊ အဝင်အင်အားနဲ့ အထွက်အင်အား မျှတနေဖို့ အထူးလိုအပ်ပါတယ်။ လက်ရှိ စစ်အာဏာရှင် အင်ပါယာဟာ အဝင်အင်အားနဲ့ အထွက်အင်အား မမျှတော့ဘဲ ယုတ်လျော့ ကျဆင်းလာတာမို့ မရှင်သန်နိုင်တော့တာ ရာနှုန်းပြည့် သေချာသွားခဲ့ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PVTV သတင်းထုတ်ပြန်ချက်အရ CDM စစ်ဗိုလ် စစ်သား ၁၀,၀၀၀ နီးပါးနဲ့ CDM ရဲတပ်ဖွဲ့အင်အား ၇,၀၀၀ ကျော် ရှိလာပြီလို့လည်း သိရပါတယ်။ နောက်ထပ် CDM ဝင်ဖို့ ဆက်သွယ်လာကြတဲ့ စစ်သား၊ ရဲသားတွေကလည်း များသထက် များလာနေပါပြီ။

တနေ့ တနေ့ သေဆုံးတဲ့ စစ်သား ၅၀ ကျော် ၁၀၀ ဝန်းကျင်ရှိပြီး ပြည်သူ့ခုခံစစ် ၇ လအတွင်း ခန့်မှန်းခြေ စစ်သား ၁၄,၀၀၀ ကျော် သေဆုံးခဲ့ရလို့ အနုတ်လက္ခဏာ အကြီးအကျယ်ပြနေပေမဲ့ တပ်သားသစ် မရနိုင်တော့တာ သေချာနေတာမို့ မီးသတ်၊ မော်တော်ပီကယ်၊ ယာဉ်ထိန်းရဲတွေနဲ့ အားဖြည့်တင်း ကျားကန်နေရပေမဲ့ ကိုယ့်ဗိုက်ကို ဓားနဲ့ထိုး‌နေသလိုမျိုး ‌မိဘပြည်သူအပေါ် ရက်စက်ယုတ်မာစွာ သတ်ဖြတ်လေလေ၊ ပြည်သူလူထုရဲ့ ထောက်ခံမှု မရလေလေ စစ်အင်ပါယာပြိုကျမှု မြန်လာလေလေဖြစ်မယ် ဆိုတာတွေကို အာဏာရူး စစ်ခေါင်းဆောင် ငမိုက်သားတွေ နားမလည်နိုင်တာဟာ ကိုယ့်သေတွင်း ကိုယ်ပြန်တူးနေကြတာပါပဲ။

အသားထဲက လောက်ထွက်သလိုမျိုး တချိန်တခါတုန်းက ပြည်သူ့အသွေးအသား ဖြစ်ခဲ့ဖူးတဲ့ စစ်ဘီလူးတွေဟာ မိဘပြည်သူကို အကြင်နာကင်းမဲ့စွာ သတ်ဖြတ်လာရင်း သွေးဆိုးပြည်ပုပ်အဖြစ် ကူးပြောင်းသွားတဲ့ စစ်ရာဇဝတ်လောက်ကောင်တွေရဲ့ လုပ်ရပ်ဆိုးတွေကပဲ စစ်အခွင့်ထူးခံ အင်ပါယာကို ဖျက်ဆီးပြိုကျစေမှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာဆိုရင် ရှစ်လအတွင်း ၂၇ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ကြတာမို့ မြို့မှာရှိတဲ့ အများပြည်သူနေအိမ် သုံးပုံနှစ်ပုံ ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦ ၃၂ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် တနိုင်ငံလုံးမှာ နေအိမ် ၉,၁၈၇ လုံး ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၁,၈၁၄ လုံး ပါဝင်တယ်လို့ ဖော်ပြထားတဲ့ သတင်းကိုလည်း ဖတ်ရှုခဲ့ရပါတယ်။

အဲဒီလို ရက်စက်မှုတွေရဲ့ အကျိုးဆက်ကတော့ ဖက်ဆစ်စစ်တပ်ကို ပြည်သူလူထု ဘဝ‌ပေးအသိနဲ့ ဆန့်ကျင်လာတာကြောင့် တဖက်မှာကတော့ ပြည်သူလူထုရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တွေရဲ့ "ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ” ကို ဖွဲ့စည်းထားရှိပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂၉ ခုနဲ့ မကွေးတိုင်းမြို့နယ် ၇ ခုတို့မှာလည်း ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချူပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

အဲဒါအပြင် နိုင်ငံတော်လုံခြုံရေး တည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနကို စတင်ဖွဲ့စည်းလိုက်တာကို ဒီကနေ့ ဧပြီ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့သတင်းကို ဒီဗွီဘီ သတင်းမှာ ဖတ်ခဲ့ရပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မတရားမှုတွေကို လုပ်နေတဲ့ စစ်ရာဇဝတ်‌ကောင်တွေကို နိုင်ငံအတွင်းမှာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပြည်သူ့တရားရုံးတွေလည်း မကြာခင် ပေါ်ပေါက်လာတော့မှာ ဖြစ်သလို ပြည်သူလူထု လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေအတွက်လည်း “ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့” ကို ဖွဲ့စည်းသွားမှာဖြစ်ကာ “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ”၊ “CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ”၊ “မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ” (ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE)၊ “လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန CDM ကိုယ်စားပြုကော်မတီ” တွေကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

အဲဒီလို တနေ့တခြား အားကောင်းမောင်းသန် ကြီးထွားလာတဲ့ ပြည်သူ့ဘက်က အင်အားစုတွေဟာ ယိုင်နဲ့ပြိုကျလု စစ်အခွင့်ထူးခံ အင်ပါယာ အဆောက်အအုံကြီးကို မြေပေါ် ဗုန်းဗုန်းလဲ ပြိုကျသွားစေမဲ့ ယန္တရားမောင်းတံကြီးတွေ ဖြစ်ကြပါတယ်။

ပြည်တွင်း ပြည်ပက ကူညီထောက်ပံ့ငွေတွေဟာလည်း ‌တနေ့တခြား တိုးပွားလာသလို စစ်အင်အား သိန်းချီရှိလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ဒေသန္တရ ကာကွယ်ရေးတပ်တွေ၊ ပြည်သူနဲ့ တသားတည်း ရပ်တည်ကြတဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေဟာလည်း ကြီးထွားသထက် ကြီးထွားလာတာမို့ သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေကို စိုးမိုးသိမ်းပိုက်ဖို့ တာစူနေကြပါပြီ။

မြင်သာတဲ့ စစ်ရေးအခြေအနေတွေအရ ဒီနှစ်မိုးတွင်းမှာ မုတ်သုံမိုးနဲ့အတူ ပါလာမယ့် ပြည်သူထိုးစစ် အောင်ပွဲတွေ၊ နယ်သိမ်း မြို့သိမ်း တိုက်ပွဲတွေ သတင်းတွေကို ကြားကြ၊ မြင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအခါရောက်လာရင်တော့ အရိပ်သုံးပါးမသိ၊ နိုင်ငံရေးအခြေအနေ နားမလည်ကြဘဲ တနပ်စာ ထမင်းတလုတ်အတွက် စစ်ကျွန်ဆက်ခံနေကြတဲ့ ပျူစောထီးတွေ၊ ကြံ့ဖွံ့ထောက်ခံသူတွေ၊ မျိုးညစ် ဘာသာညစ်တွေဟာ အားကိုးရာမဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်လို့ နောင်တတွေ ပွေ့ပိုက်လို့ အချည်းနှီး ဘဝဆုံးကြရမှာ ဖြစ်ပါတယ်။

အဲဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံချင်ဘူးဆိုရင်တော့ အချိန်မနှောင်းခင် အမြန်ဆုံး ပြည်သူ့ဘက် ကူးပြောင်း၊ ပြည်သူ့ရင်ကို ခိုလှုံကြရမှာ ဖြစ်ပါတယ်။ အသက်ကို ဉာဏ်စောင့်ပါတယ်။ ပြိုဆင်းလာတဲ့ စစ်အာဏာရှင် အင်ပါယာအိုကြီးပေါ်က အမြန်ဆုံးခုန်ဆင်းပြီး မိမိနဲ့ မိမိ မိသားစုကို ကယ်တင်နိုင်အောင် ရှေ့ရေးကို တွေးမြင်နိုင်ကြစေဖို့ အသိပေး ရေးသားပြီး နောက်ဆုံး သတိ‌ပေးခေါင်းလောင်းထိုးရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013