DVB Logo
Home
Lead Story
ပေါ်ထွန်းလာမည့် ပြည်သူ့တရားရုံးများနှင့် ပြစ်မှုကြွေးပြန်ဆပ်ရမည့်စစ်ရာဇဝတ်ကောင်များ
DVB
·
April 26, 2022
ပေါ်ထွန်းလာမည့် ပြည်သူ့တရားရုံးများနှင့် ပြစ်မှုကြွေးပြန်ဆပ်ရမည့်စစ်ရာဇဝတ်ကောင်များ
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့  သတင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြည်သူကို အစီရင်ခံရာမှာ စစ်ရာဇဝတ်မှုတွေကို အရေးယူမယ့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တရားရုံးများ မကြာခင် ပေါ်ပေါက်လာမယ်လို့ အသိပေးပြောကြားလိုက်တဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။

လက်နက်အားကိုးနဲ့ လူမဆန်စွာကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ခါးသီးစွာ ခံစားနေရတဲ့ လက်နက်မဲ့ပြည်သူတွေအားလုံး တောင့်တ စောင့်မျှော်နေကြတဲ့ သတင်းကောင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မတရားမှုတွေကို လုပ်နေတဲ့ စစ်ရာဇဝတ်‌ကောင်တွေကို နိုင်ငံအတွင်းမှာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပြည်သူ့တရားရုံးတွေ ပေါ်ပေါက်လာဖို့အတွက်ကို တရားရေးဝန်ကြီးဌာနက ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မကြာခင် အတောတွင်းမှာပဲ မြန်မာနိုင်ငံမှာ ပြည်သူတွေကနေ စီရင်တဲ့ ပြည်သူ့တရားရုံးများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီတရားရုံးကနေပြီးတော့ စစ်ရာဇဝတ် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုတွေရဲ့ လုပ်ရပ်တွေကို အရေးယူဆောင်ရွက်ပါမယ်။ ထိုက်သင့်တဲ့ အပြစ်တွေ ပေးသွားမှာကိုလည်း ဒါတွေ့ကြရမှာဖြစ်ပါတယ်"လို့ ဝန်ကြီးက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေမှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်တာမို့ တရားရေးဝန်ကြီးဌာနက မြို့နယ်တရားသူကြီးတွေခန့်အပ်ဖို့ ဧပြီ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကြိမ် ၅၀ မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီသတင်းမထွက်‌ပေါ်ခင် သီတင်း၂ ပတ်လောက်က အာဂျင်တီးနားနိုင်ငံ စစ်အာဏာရှင်အုပ်စိုးတဲ့ကာလအတွင်း ဗတ်ဆူဗြိုလို့ လူသိများတဲ့ စစ်ကြောရေးစခန်းမှာ ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အရာရှိဟောင်း‌တွေကို အာဂျင်တီးနာတရားရုံးက ဧပြီ ၁ ရက်‌နေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တဲ့သတင်းကိုလည်း ဒီဗွီဘီတီဗွီသတင်းမှာ ဖတ်ခဲ့ရပါတယ်။ 

အာဂျင်တီးနားစစ်တပ်အကြီးအကဲဟောင်း ဒေးဗစ်ကာဘရာကို ဗျူနိုအေးရိစ်မြို့ တရားရုံးမှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ချမှတ်နေချိန်မှာ စစ်အာဏာရှင်စနစ်အောက် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ အောင်ပွဲခံနေကြပါသတဲ့။ 

ဒီလိုအလားတူတဲ့အဖြစ်အပျက်မျိုးတွေဟာ မကြာတော့တဲ့ကာလမှာ အောက်ပါ စစ်ရာဇဝတ်ကောင်တွေကို ပြည်သူတွေကနေ စီရင်တဲ့ ပြည်သူ့တရားရုံးတွေမှာ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

(က) အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီး‌တွေကို မုဒိမ်းကျင့်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ခ) ၂၀၂၀ ပြည့်နှစ် ဖေ‌ဖေါ်ဝါရီလ ၁ ရက်နေ့ကနေ အခုကာလအထိ အသက်မပြည့်သေးတဲ့ ခလေးငယ် ၂၃၉ ဦးကို အသက်ဆုံးပါးစေတဲ့ စစ်ရာဇဝတ်ကေောင်‌တွေနဲ့ တာဝန်ရှိတဲ့ စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ဂ) လက်နက်မဲ့ပြည်သူတွေကို ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့ကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ဃ) အရပ်သားပြည်သူတွေ၊ မြို့ရွာတွေ၊ စစ်ဘေးရှောင်တွေကို လက်နက်ကြီး အမြောက်တွေနဲ့ပစ် လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြတဲ့ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(င) ပြည်သူလူထုအိုးအိမ်တွေ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးနေကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(စ) ပြည်သူလူထုနဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွ သိတတ်သူတွေကို အသက်သေဆုံးသည့်တိုင် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ဆ) အရပ်သားပြည်သူတွေကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ဇ) အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ၊ အရပ်သားပြည်သူတွေကို စစ်သုံ့ပန်းဥပဒေတွေမလိုက်နာပဲ လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့ စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ဈ) အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်ပြီး ဥပဒေမဲ့ ရိုက်နှက်ညှဉ်းပန်း သတ်ဖြတ်နေကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ည) အရပ်သားပြည်သူကို ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ်အသုံးချပြီး မိုင်းနင်းခိုင်းတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့ စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(တ) အရပ်သားပြည်သူတွေအပေါ် ဖြတ် ၄ ဖြတ်နဲ့ လူမဆန်စွာ စစ်ဆင်ရေးဝင်နေကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ၊

(ထ) နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့လုယူပြီး တိုင်းပြည်ကို အမှောင်တိုက်သွင်းရာမှာ ကိုယ်ထိလက်ရောက်ပါဝင် ဦးဆောင် အကြံပြု တိုက်တွန်း ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ

(ဒ) လက်နက်မပါတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများကို ရမ်းကားရက်စက်စွာ ကားနဲ့တိုက်  ဖြိုခွင်းဖမ်းဆီးခဲ့ကြတဲ့ရာဇဝတ်ကောင်‌တွေနဲ့ တာဝန်ရှိတဲ့စစ်မိစ္ဆာခေါင်းဆောင်တွေ

အစရှိတဲ့ စစ်ဘီလူး ရာဇဝတ်ကောင်‌တွေအားလုံးရဲ့ သူတို့ကျူးလွန်ခဲ့ကြတဲ့ မဟာရာဇဝတ်ပြစ်မှုကြီးတွေကို ပြည်သူ့တရားရုံးတွေကနေ အမြန်ဆုံး တရားစီရင်ပြီး အမြန်ဆုံးအပြစ်ဒဏ်ချမှတ်အရေးယူနိုင်မှသာ သူတို့အသိုက်အဝန်း နောက်ထပ်ကျူးလွန်ကြမယ့် လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ဖေါက်ဖျက်မှုတွေကို အရှိန်သတ် နှိမ်နင်း   တားဆီးနိုင်မှာဖြစ်ပါတယ်။

တရားမျှတမှုကို အမြန်ဆုံးဖေါ်ဆောင်ဖို့နဲ့  အများပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် နှစ်ရှည်လများ ကြာမြင့်မယ့် နိုင်ငံတကာတရားရုံးတွေရဲ့ စီရင်မှုတွေကို စောင့်ဖို့အချိန်မရှိတော့ပါဘူး။ စစ်ရာဇဝတ်ကောင်တွေရဲ့ ပြစ်မှုကြွေးပြန်ဆပ်ဖို့ လိုအပ်တာကို အားလုံးက စိတ်အားထက်သန်စွာ  ပူးပေါင်းကူညီကြမှာ ဖြစ်ပါတယ်။

စကားလုံးနဲ့ ဖေါ်ပြလို့မရလောက်အောင် မိဘပြည်သူအပေါ် ရက်စက်ယုတ်မာခဲ့ကြတဲ့ ကျေးဇူးကန်းသစ္စာမဲ့ စစ်မိစ္ဆာ၊ ပြိတ္တာတွေကို ရင်နဲ့မမျှအောင် ခံစားခဲ့ရတဲ့ မိဘပြည်သူတွေကိုယ်တိုင်က တရားစီရင်ပြီး ထိုက်သင့်တဲ့ အမြင့်ဆုံးအပြစ်ဒဏ်ခတ်ခြင်းကသာ သဘာဝကျ ယုတ္တိတန်နိုင်မှာမို့ ပေါ်ပေါက်လာတော့မယ့် ပြည်သူ့တရားရုံးတွေကို တနိုင်ငံလုံးသာမက နိုင်ငံတကာမိသားစုတွေကပါ ထောက်ခံကြိုဆိုကြမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013