DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ကျောက်မျက်အရောင်းပြပွဲ၌ ၃ ရက်အတွင်း ပုလဲအတွဲ ၃၃၀ ရောင်းချ
DVB
·
April 25, 2022
နေပြည်တော် ကျောက်မျက်အရောင်းပြပွဲ၌ ၃ ရက်အတွင်း ပုလဲအတွဲ ၃၃၀ ရောင်းချ
Donate to DVB

စစ်ကောင်စီက နေပြည်တော်မှာ ၇ ရက်ကြာ ပြုလုပ်နေတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ ၃ ရက်အတွင်းနဲ့ ပုလဲအတွဲပေါင်း ၃၃၀ ကိုရောင်းချနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ကျောက်မျက်အတွဲပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဆက်လက်ရောင်းချသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတာဖြစ်ပြီး ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပုလဲအတွဲပေါင်း ၃၃၀ ကို ရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဆက်လက်ရောင်းချဖို့ ကျန်ရှိနေတဲ့ ကျောက်မျက် အတွဲပေါင်း ၁၂၀ ကို ဧပြီ ၂၅ ရက်နေ့နဲ့ ကျောက်စိမ်း အတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ တင်ဒါစနစ်နဲ့ ရောင်းချရာမှာ ပုလဲအတွဲတွေကို အမေရိကန်ဒေါ်လာနဲ့ ကြမ်းခင်းဈေး သတ်မှတ်ထားပေမယ့် ငွေပေးချေရာမှာ ပြည်ပရတနာ ကုန်သည်တွေဟာ အမေရိကန်ဒေါ်လာ သို့မဟုတ် တရုတ်ယွမ်ငွေကြေးတို့နဲ့ ဝယ်ယူရမှာ ဖြစ်သလို ပြည်တွင်းရတနာကုန်သည်တွေကတော့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေကြေး သို့မဟုတ် မြန်မာကျပ်ငွေ တို့နဲ့ ပေးချေနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲတွေကိုတော့ ယူရိုငွေကြေးနဲ့သာ သတ်မှတ်ထားတဲ့အတွက် ရတနာကုန်သည်ဟာ အမေရိကန်ဒေါ်လာ၊ ယူရို ငွေကြေး သို့မဟုတ် တရုတ်ယွမ်ငွေကြေးတို့နဲ့ ပေးချေရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု (CRPH) မှ ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီးကတော့ ၂၀၂၁ ခုနှစ် ဧပြီလက အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ထုတ်ပြန်ချက်မှာ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ အကျိုးစီးပွားအတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကျင်းပတဲ့ ပုလဲအတွဲတွေနဲ့ ကျောက်မျက်ရတနာတွေအား မြန်မာကျပ်ငွေနဲ့ ရောင်းချမှုဟာ တရားမဝင်ကြောင်းနဲ့ ပူးပေါင်းပါဝင် ရောင်းချ၊ ဝယ်ယူတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း (blacklist) မှာထည့်သွင်းပြီး သတ်မှတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲမှာ ပုလဲအတွဲပေါင်း ၃၁၇ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၉၆ တွဲနဲ့ ကျောက်စိမ်းအတွဲပေါင်း ၂၁၄၈ တွဲအား အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပြည်တွင်း ရတနာကုန်သည်များအား ရောင်းချပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ ပြပွဲမှာ ပုလဲ အတွဲ ၃၃၀၊ ကျောက်စိမ်း အတွဲ ၇၈၀ ကို ပြသရောင်းချခဲ့တဲ့အနက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေက ပုလဲ အတွဲ ၃၃၀ နဲ့ ကျောက်စိမ်း ၆၂၂ တွဲ အား ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

Myanmar EITI အဖွဲ့ရဲ့ ထုတ်ပြန်ချက် (၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ) အဆိုအရ ကျောက်စိမ်းလုပ်ငန်းမှ ရရှိတဲ့ဝင်ငွေဟာ ဘယ်လောက်ရှိတယ်ဆိုတာကို သတ္တုတွင်းဝန်ကြီးဌာနက ဖြေကြားခြင်းမရှိပေမဲ့ နိုင်ငံတကာသို့ တင်ပြရမယ့် EITI အစီရင်ခံစာမှာတော့ အစိုးရက ကျောက်စိမ်းလုပ်ငန်းမှ ရရှိတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာသန်း ၆၅၀ ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

PHOTO- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013