DVB Logo
Home
မြန်မာသတင်း
Foodpanda ကုမ္ပဏီက တောင်းဆိုချက်များ မလိုက်လျောသဖြင့် ဆက်သပိတ်မှောက်မည်ဟု ပို့ဆောင်သူများ ပြော
DVB
·
April 24, 2022
Foodpanda ကုမ္ပဏီက တောင်းဆိုချက်များ မလိုက်လျောသဖြင့် ဆက်သပိတ်မှောက်မည်ဟု ပို့ဆောင်သူများ ပြော
Donate to DVB

ကုမ္ပဏီက တောင်းဆိုချက်တွေကို မလိုက်လျောတာကြောင့် ဆက်ပြီး သပိတ်မှောက်သွားမယ်လို့ အစားအသောက်ပို့ဆောင်တဲ့ foodpanda Rider တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ပို့ဆောင်ခတွေ မှားယွင်းတွက်ချက်ခဲ့တဲ့နောက်မှာ အစားအသောက်ပို့ဆောင်သူတွေက ဆက်လက်မပို့ဘဲ ရပ်နားထားကြဖို့ တိုင်ပင်ခဲ့ပြီး ရန်ကုန်အပါအဝင် မြို့တချို့မှာ ရပ်နားခဲ့ကြပါတယ်။ 

ဒီလိုဖြစ်နေတာကို ကုမ္ပဏီက မဖြေရှင်းခဲ့ဘဲ ပို့ဆောင်သူအသစ်တွေခေါ်ယူဖို့ ကြိုးစားခဲ့သလို ပို့ဆောင်သူတွေကလည်း အချက် ၇ ခုကို တောင်းဆိုခဲ့တာပါ။

လုပ်အားခငွေကို အနည်းဆုံး ၆၇၀ ကျပ်ကနေ စတင်ပြီး ပို့ဆောင်ရမယ့် ခရီးအကွာအဝေးပေါ်မူတည်တိုးမြှင့်ပေးဖို့၊ ပို့ဆောင်နေတဲ့အလုပ်သမားတွေကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်နေတဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းချက်တွေကို လျှော့ချပေးဖို့၊ ပို့ဆောင်သူတွေ အလုပ်ချိန်အတွင်း ထိခိုက်မှု တခုခုဖြစ်ခဲ့ရင် ကုမ္ပဏီဘက်က တာဝန်ယူ တာဝန်ခံပေးဖို့၊ ပို့ဆောင်သူတွေက အလုပ်နားလိုရင် တပတ်မှာ တရက် နားခွင့်ပေးဖို့၊ စည်းကမ်းသတ်မှတ်ချက်တွေ ပြောင်းလဲချင်ရင် ကြိုတင် အသိပေးဖို့၊ ပို့ဆောင်သူတွေ တခုခုဖြစ်ရင် ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းနံပါတ် တခုထားပေးဖို့နဲ့ သွားရောက်ပို့ဆောင်ရမယ့် ခရီးကို သတ်မှတ်ရာမှာ Google မြေပုံနဲ့ တိုင်တာပြီး တွက်ချက်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြတာပါ။

ဒီအချက်တွေထဲကနေ အနည်းဆုံးပို့ဆောင်ခနဲ့ အကွာအဝေးတွက်ချက်တဲ့စနစ်တို့ကို မလုပ်ဆောင်ပေးနိုင်ဘူးလို့ ကုမ္ပဏီက ပြောလာကြောင့် ပို့ဆောင်သူတွေကနေ ထုတ်ပြန်ပြောဆိုပါတယ်။  လက်ရှိမှာတော့ တစ်ကီလိုမီတာကို ၅၈၀ ကျပ်နဲ့ တွက်ချက်ပေးနေတာ ဖြစ်ပြီး ကျန်တဲ့အချက်တွေကိုလည်း မေလထဲမှာ ကြိုးစားပေးမယ်လို့ပဲ ပြောခဲ့ကြောင်းဆိုပါတယ်။

ပို့ဆောင်သူတယောက်က “အခု သူတို့တွက်နေတဲ့ပုံစံကို ဥပမာ ကျိုက္ကဆံလမ်းကနေ ကြက်ဘဲဈေးဘက်ကို သွားတယ်ပေါ့။ ကျနော်တို့က တကွေ့ကြီးသွားရတာ။ သူတို့ကတော့ တဖြောင့်တည်း ပေတံမျဉ်းဆွဲသလို တိုင်းပစ်တာ။ အဲဒါကြောင့် သွားရတဲ့ လမ်းကြောင်းအတိုင်း တွက်ချက်ပေးဖို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။

foodpanda Myanmar ရဲ့ တာဝန်ရှိသူတယောက်က “Rider တွေတောင်းဆိုတဲ့အချက်တွေထဲက တချက်ဖြစ်တဲ့ ခရီးအကွာအဝေးသတ်မှတ်တဲ့အခါ Google Map ပေါ်အခြေခံပြီး တွက်ချက်ပေးဖို့ တောင်းဆိုချက်နဲ့ပတ်သတ်ပြီး အပြောင်းအလဲများကိုလည်း ကျမတို့ foodpanda Myanmar ရဲ့ ဆုံးဖြတ်ချက်တခုတည်း နဲ့ လုပ်လို့မရတဲ့အတွက် နည်းပညာအပိုင်းကိုတာဝန်ယူထားတဲ့ regional team ကိုတင်ပြထားပြီး ဆက်သွယ်ဆောင်ရွက်နေပါတယ်။ Regioanl Team ဘက်ကနေ ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး အဘက်ဘက်ကနေ အဆင်ပြေနိုင်တဲ့ ပြောင်းလဲမှုတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုနည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲမျိုးလုပ်ဖို့ အချိန်ယူပြင်ဆင်လုပ်ကိုင်ရတာဖြစ်တဲ့အတွက် rider တွေအနေနဲ့ အနည်းငယ်စောင့်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က တွေ့ဆုံမှုမှာ မေတ္တာရပ်ခံပြောဆိုထားပြီးပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ ပြဿနာတွေဖြစ်ပြီးနောက် အော်ဒါကြေးတိုးမြှင့်ပေးဖို့၊ ဆိုင်ကယ်နဲ့ ပို့ရတဲ့မြို့တွေမှာ ဓာတ်ဆီအပိုသုံးရတာအတွက် အော်ဒါကြေးတိုးပေးဖို့ သက်ဆိုင်ရာ မြို့အသီးသီးက မန်နေဂျာတွေက အသိပေးလိမ့်မယ်လို့ foodpanda က ထုတ်ပြန်ထားခဲ့တာပါ။

အခုလို တောင်းဆိုတာကို မလိုက်လျောတာကတော့ ပို့ဆောင်သူတွေအပေါ် စာနာ နားလည်တာမရှိဘဲ လုပ်အားခအမြတ်ထုတ်ခေါင်းပုံဖြတ်နေတာလို့ သတ်မှတ်ပြီး မလိုက်လျောရင် ကုမ္ပဏီနဲ့ လက်တွဲလုပ်မှာ မဟုတ်ဘူးလို့ ပို့ဆောင်သူတွေက ဆိုပါတယ်။

foodpanda Myanmar ရဲ့ တာဝန်ရှိသူတယောက်က "ကျမတို့ foodpanda အနေနဲ့ panda rider တွေ ပစ္စည်းပို့ဆောင်တဲ့အခါရရှိတဲ့ လုပ်အားခငွေကိုတွက်ချက်တဲ့နေရာမှာ ရောင်းလိုအား၊ ဝယ်လိုအား အစရှိသဖြင့် ထောင့်ပေါင်းစုံကနေ စဉ်းစားဆုံးဖြတ်ပြီး သတ်မှတ်ရပါတယ်။ rider တွေနဲ့ ပထမအကြိမ်တွေ့ဆုံပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ ညှိနှိုင်းတိုးမြှင့်ပြောင်းလဲပေးခဲ့တဲ့ အနိမ့်ဆုံး 0.5 ကီလိုမီတာအတွက် ပို့ဆောင်ခ မြန်မာငွေကျပ် ၅၈၀ နှုန်းထားဟာဆိုရင်လည်း panda rider တွေအတွက် အကောင်းဆုံးစဉ်းစားပေးပြီး သတ်မှတ်ခဲ့တဲ့နှုန်းတခုဖြစ်ပါတယ်။ လက်ရှိလုပ်ငန်းအခြေအနေနဲ့ စျေးကွက်အခြေအနေမှာ ကျမတို့ rider တွေ ထပ်မံတောင်းဆိုထားတဲ့နှုန်းကို တိုးပေးဖို့အတွက် အခက်အခဲတွေရှိပေမဲ့လည်း ရှေ့လျှောက်ပြောင်းလဲလာမယ့် အခြေအနေပေါ်မူတည်ပြီး order ကြေးများကို ပြန်လည်သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ တိုးပေးခဲ့တဲ့နှုန်းနဲ့ ဆိုရင်လည်း အလုပ်ချိန် ပုံမှန်ယူတဲ့ Rider တွေရဲ့ ပျမ်းမျှလစဉ်ဝင်ငွေက ဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်ခလစာထက် သိသိသာသာပိုများတယ်လို့လည်း သူက ဆက်ပြောပါတယ်။

foodpanda ဟာ မြန်မာနိုင်ငံက မြို့ပေါင်း ၁၉ မြို့မှာ စားသောက်ဆိုင်ပေါင်း ၃၀,၀၀၀ ကျော်နဲ့ လက်တွဲလုပ်ကိုင်နေပြီး အလွတ်တမ်းသဘော သီးခြားလွတ်လပ်တဲ့ rider ပေါင်း ၈,၀၀၀ ကျော်နဲ့ ပို့ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013