DVB Logo
Home
Lead Story
ရုရှား-ယူကရိန်းစစ်ပွဲကတဆင့် နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်မလား
DVB
·
April 24, 2022
ရုရှား-ယူကရိန်းစစ်ပွဲကတဆင့် နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်မလား
Donate to DVB

ရုရှားဟာ Sarmat ခေါ်တဲ့ နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ ဒုံးပျံ (ICBM - Intercontinental ballistic missile) ကို ပြီးခဲ့တဲ့ရက်ပိုင်းက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာကြီးဟာ think-twice နှစ်ခါပြန် စဉ်းစားကြရလိမ့်မယ်လို့ ပူတင်က ကြိမ်းဝါးလိုက်ပါတယ်။ 

ရုရှားဘက်က ထုတ်သုံးလာနိုင်တဲ့ ဗျူဟာမြောက် တာတိုပစ် အသေးစား နျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်အတွက် ကမ္ဘာတဝန်းက နိုင်ငံတွေအားလုံး ပြင်ဆင်ထားသင့်တဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ပြီးခဲ့တဲ့တပတ်အတွင်း CNN အင်တာဗျူးမှာ သတိပေးပြောဆိုခဲ့ပါတယ်။ 

ဝါရှင်တန်နဲ့ မော်စကိုကြားမှာရှိတဲ့ သဘောတူစာချုပ်အရ ဒီဒုံးပျံပစ်လွှတ်စမ်းသပ်မှုကို အမေရိကန်က ကြိုတင်သိခဲ့ပါတယ်။ ဒါပေမဲ့ ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကတော့ ဒါ ခြိမ်းခြောက်မှုတခု မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စမ်းသပ်တာကတော့ ပူတင်ဘက်က အချက်ပြမှုတခုပဲလို့ ပြောတဲ့အကြောင်း Newsweek ဆောင်းပါးမှာ တွေ့ရပါတယ်။ 

​ကရင်မလင်ဘက်တော့ ခုချိန်ထိ ယူကရိန်းစစ်ဆင်ရေးမှာ နျူကလီးယားလက်နက် မသုံးဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ယူကရိန်းအပေါ် ကျူးကျော်တဲ့ စစ်မြေပြင်မှာ သမားရိုးကျ စစ်လက်နက်တွေ အသုံးပြုပြီး ထင်သလောက် မပေါက်ခဲ့တဲ့ ၂ လအကြာမှာ နျူကလီးယားစစ်ပွဲဆီကို ဦးတည်လာတော့မှာလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။ 

Royal United Service Institute အဖွဲ့အစည်းရဲ့ ဒုဒါရိုက်တာချုပ် မယ်လ်ကွန် ချယ်လ်မားစ်ကတော့ အခုလို နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်မှုမျိုးကို ၂၀၁၄ ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားကို ရုရှားတပ်တွေ သိမ်းပိုက်စဉ်ကလည်း ကြုံတွေ့ခဲ့ရဖူးသလို သမားရိုးကျလက်နက်တွေ အသုံးပြုပြီး စစ်ရေးရည်မှန်းချက်ကို ဘယ်လိုမှမဖြစ်နိုင်တဲ့အခါ အကြီးအကျယ် စိတ်ဆိုးဒေါသထွက်လာခဲ့ရင်တော့ ဒီပြဿနာကို ရင်ဆိုရနိုင်တယ်လို့ ချယ်လ်မားစ်က ပြောပါတယ်။ ဒါပေမဲ့ နျူကလီးယားလက်နက်တွေကို ထုတ်သုံးဖို့ဆိုတာ ရုရှားအတွက် အကြီးအကျယ် လောင်းကစားဆန်ပါလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။ 

Princeton တက္ကသိုလ်ရဲ့ သိပ္ပံနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ သုတေသီတွေအဆိုအရ ဥရောပမြေမှာ နျူကလီးယားစစ်ပွဲကို စတင်လိုက်ပြီဆိုတာနဲ့ ရုရှားရဲ့ နျူကလီးယားထိပ်ဖူးတပ်လက်နက် ၁၄၅၀ နဲ့ အမေရိကန်ရဲ့ နျူလက်နက် ၁၃၅၀ ဟာ ဒီစစ်ပွဲထဲကို ပါဝင်လာလိမ့်မယ်၊ လူဦးရေပေါင်း ၉၁ သန်းလောက်ဟာ နာရီပိုင်းအတွင်းမှာ သေဆုံးသွားနိုင်တယ်။ နောက်ထပ် လူသန်းပေါင်းများစွာဟာလည်း နျူကလီးယားဓာတ်ရောင်ခြည်သင့်မူကြောင့် စီးပွားရေး၊ ကျန်းမာရေးစနစ်တွေ ပြိုကျပျက်စီးတဲ့ဒဏ်ကြောင့် ထပ်မံသေဆုံးနိုင်စရာရှိပါတယ်။​ 

US လေတပ်အကယ်ဒမီရဲ့ အငြိမ်းစားဒုဗိုလ်မှူးကြီး ဘီလ် အက်စ်တိုးကတော့ တကယ်လို့ NATO မြောက်ပိုင်း အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့တွေက လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပြီး ရုရှားစစ်လေယာဉ်တစင်းကို ပစ်ချလိုက်တယ်ဆိုရင်တော့ ပူတင်ဟာ နေတိုး စစ်အခြေစိုက်စခန်းတွေကို နျူကလီးယားလက်နက်သုံးတိုက်ခိုက် တုံ့ပြန်လာနိုင်တယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာ ကျယ်ပြန့်တဲ့ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာနိုင်ပြီး ကြောက်မက်ဖွယ်ရာ အခင်းအကျင်းတခု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ 

ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က နျူကလီးယားလက်နက်တွေ ထုတ်သုံးဖို့ ဘယ်သူမှ မစဉ်းစားကြပါဘူးလို့ ပြီးခဲ့တဲ့တပတ်က ထုတ်ပြောခဲ့ဖူးပေမယ့် ရုရှားတွေ ဘာပြောပြော မယုံကြည်ရဘူးလို့ မှတ်ယူသူတွေလည်း ရှိနေပါတယ်။ 

နျူကလီးယားလက်နက်အန္တရာယ် အလားအလာကတော့ စစ်အေးခေတ်နောက်ပိုင်းကစပြီး ခုချိန်က အမြင်မားဆုံးအခြေအနေမှာ ဆက်လက်ရှိနေနိုင်တဲ့အကြောင်း Daryl Kimball, executive director of the Arms Control Association ရဲ့ အမူဆောင်ဒါရိုက်တာ ကင်းဘောလ်က နယူးစ်ဝိခ်ကို ပြောပါတယ်။ Alan Cafruny, professor of international affairs at Hamilton College in Clinton, New York, Hamilton ကောလိပ်ရဲ့ နိုင်ငံတကာရေးရာ ပါမောက္ခ အလန် ကာဖျူနီကတော့ နျူကလီးယားစစ်ပွဲအလားအလာဟာ သိပ်ဖြစ်နိုင်ခြေမရှိဘူး၊ ဒါပေမဲ့ လုံးဝ မဖြစ်ဘူးလို့လည်း ပြောမရဘူးလို့ ဆိုပါတယ်။ 

ပူတင်ဟာ အကန့်အသတ်ပမာဏနဲ့ နျူကလီးယားလက်နက်အငယ်စားတွေ ထုတ်သုံးလာမှာကို ရုရှား အစိုးရအရာရှိတွေက စိုးရိမ်နေကြတဲ့အကြောင်း Bloomberg သတင်းဌာနကို အရင်တပတ်က ပြောခဲ့ပါတယ်။ 

CIA ထောက်လှမ်းရေး အေဂျင်စီ ဒါရိုက်တာ ဝီလျံဘန်းစ်ကလည်း ပူတင်ဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ရင် အပျော့စားနျူကလီးယားလက်နက်တွေ ထုတ်သုံးလာနိုင်ဖွယ်ရှိတယ်လို့ နယူးယောက်တိုင်းမ်းစ် အင်တာဗျူးမှာ သုံးသပ်ပါတယ်။ ဒါပေမဲ့ အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး။​ 

ပင်ဆယ်လ်ဗေးနီးယား အခြေစိုက် ဖရင်ကလင် မာရှယ်ကောလိပ် သမိုင်းပါမောက္ခ အက်ဘီ ရှာရေဒါကတော့ ပူတင်ရဲ့ နျူဒုံးပျံစမ်းသပ်မူ ထက်စာရင် တာတိုပစ် (ဟီရိုးရှီးမားနဲ့ နာဂါစကီမှာ အမေရိကန်ကြဲချခဲ့တဲ့ အနုမြူဗုံးမျိုး) အပျော့စား နျူကလီယား လက်နက်တွေ ထုတ်သုံးလာမလားဆိုတာကိုပိုစိုးရိမ်တဲ့ အကြောင်း newsweek ကို ပြောပါတယ်။  

ဘယ်သူတွေက ဘယ်လို စိုးရိမ်နေကြလဲ

ချီကာဂိုကောင်စီ ကမ္ဘာ့ရေးရာကထုတ်ပြန်တဲ့ စစ်တပ်တခုအရ ရုရှားလူမျိုး ၅၈ ရာနှုန်း နဲ့ အမေရိကန် ၅၄ ရာနှုန်းဟာ သူတို့ရဲ့ စစ်အေးကာလရန်သူဟောင်းပြိုင်ဘက်နိုင်ငံဟာ အရေးတကြီးခြိမ်းခြောက်မူတခုလို့ ယူဆပါတယ်။ အမေရိကန် ၆၉ ရာနှုန်းနဲ့ ရုရှား ၈၃ ရာနှုန်းဟာ အပြန်အလှန် နျူကလီယားလက်နက်စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

ဂျာမနီ အဓိပတိ အိုလက်ဖ် စကိုလ်ဇ်

နျူကလီးယားစစ်ပွဲကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဆူပါပါဝါရုရှားနဲ့ နေတိုးစစ်အုပ်စုကြားမှာ တိုက်ရိုက် စစ်ရေးထိပ်တိုက်မတွေ့ဖို့ရာ ဘာမဆိုလုပ်ဖို့လိုအပ်ပါတယ်လို့ ပြောထားပါတယ်။ ဂျာမဏီကနေ ယူကရိန်းနိုင်ငံဆီ တင့်ကားတွေ ပေးပို့ခြင်းဟာ ရုရှားသမ္မတပူတင်က ဆိုးဆိုးရွားရွား တုံ့ပြန်လာအောင် ရန်စသလို ဖြစ်နိုင်တယ်လို့ သူက ပြောထားပါတယ်။ တတိယကမ္ဘာစစ် ဖြစ်လာတဲ့ထိ အရှိန်အဟုန်မြင့်တက်မလာအောင် ကာကွယ်ရမယ်လို့လည်း ဆိုပါတယ်။​ 

ရုရှားက နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ Sarmat ဆာမက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး စမ်းသပ်ပျံပစ်လွှတ်ပြီး နောက်နေ့မှာကျင်းပတဲ့ နျူကလီယား မဟာဗျူဟာဆွေးနွေးပွဲအတွင်း အမေရိကန် အောက်လွှတ်တော်ရဲ့ ဒါရိုက်တာ ပီတာပရိုင် သုံးသပ်တာကတော့ ယူကရိန်းမှာ ရုရှား စစ်ဆင်တာကိုက အနောက်နိုင်ငံတွေကို တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းချင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ ကမ္ဘာ့နိုင်ငံတွေထဲက အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အစ္စရေးနဲ့ မြောက်ကိုရီးယား စတဲ့ ၉ နိုင်ငံဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ 

သန်းဝင်းထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013