DVB Logo
Home
Lead Story
အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ မိစ္ဆာဝါစာ
DVB
·
April 24, 2022
အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ မိစ္ဆာဝါစာ
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ဒီဗွီဘီသတင်းစာမျက်နှာမှာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ခေါ်တယ်ဆိုပြီး ပြည်သူ့သွေးအထပ်ထပ်လူးနေတဲ့ စစ်မိစ္ဆာဘီလူးမင်းအောင်လှိုင်က စစ်ကောင်စီဝါဒဖြန့် ရုပ်သံနဲ့ မီဒီယာတွေေကနေ ပြိန်ဖျင်းတဲ့မုသားစကား ပြောလိုက်တဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ 

သမ္မတရူးမင်းအောင်လှိုင် လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့တဲ့ ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၈၀ ကျော်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရလို့ ထောင်ထဲမှာ သားတကွဲမယားတကွဲ စီးပွားပျက် ဘဝပျက်ခဲ့ကြသူပေါင်း ၁၃,၃၀၀ ကျော်ထိရှိနေတဲ့အပြင် ကလေးသူငယ်တွေသက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူပေါင်း တစ်သန်း (၁,၀၀၀,၀၀၀) နီးပါးဟာ တောတောင်တွေထဲနဲ့ စစ်တလင်းတွေထဲမှာ အတိဒုက္ခရောက်နေကြဆဲဖြစ်ပါတယ်။

ဒါအပြင် မြန်မာပြည်အနှံ့အပြားက ပြည်သူလူထုရဲ့ ကျေးရွာပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေစရာ၊ ပြန်စရာမရှိတော့တဲ့ ပြည်သူပေါင်းမြောက်မြားစွာရှိနေပါပြီ။

အဲဒီလို ခွင့်မလွှတ်အပ်တော့တဲ့ မဟာအကုသိုလ်ရာဇဝတ်ပြစ်မှုကြီးတွေကို မိုက်မဲရူးသွပ်စွာ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ၊ ပြည်သူ့သွေး အထပ်ထပ်ပေကျံနေတဲ့ စစ်မိစ္ဆာဘီလူးက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတဲ့စကား နှုတ်က ထွက်လာတယ်ဆိုတာ အလွန်ကောက်ကျစ်စွာ ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ရသလောက်သွေးခွဲဖို့ နောက်ဆုံးအကြိမ် သွေးရူးသွေးတန်း ကြိုးပမ်းလာတာဖြစ်ပါတယ်။

စစ်မိစ္ဆာကောင်သာဝရဲ့ မရိုးသားတဲ့ အကြံဆိုးနဲ့ ကလေးကွက်ကို ကြုံခဲ့ရတာ အံခွနေကြတဲ့ စစ်မှန်တဲ့ တိုင်းရင်းသားတော်လှန်‌ရေး လက်နက်ကိုင်မှန်သမျှက မယုံကြည်ကြတဲ့အပြင် လှောင်ပြောင်စရာ၊ ကြံရာမရ သိက္ခာမဲ့ အနှစ်သာရမဲ့တဲ့ စကားဆိုတာ သိကြပါတယ်။

ဒါကြောင့်လည်း မင်းအောင်လှိုင်ရဲ့ EROs တွေနဲ့ တွေ့ဆုံမယ်လို့ ပြောလာတာက နိုင်ငံရေး စစ်ရေးအကျပ်အတည်းကြောင့်သာ ထွက်ပေါက်ရှာတဲ့သဘောဖြစ်ပြီးတော့ အဲဒီတွေ့ဆုံပွဲကလည်း အဖြေထွက်စရာအကြောင်းမရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ပြောခွင့်ရသူ ပဒိုစောတောနီးက “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ မငြင်းဘူး။ ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့ အကြုံလိုမျိုး၊ အရင်ပုံစံမျိုးဆို ဘယ်လိုမျိုးမဖြစ်နိုင်ဘူး။ သူလုပ်တာက အရင်ပုံစံမျိုး ဆိုတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ကျနော်တို့ လက်ခံနိုင်တဲ့ အနေအထားကအသစ်ပုံစံ။ ဆိုလိုတာက စည်းကမ်းသတ်မှတ်ချက်တွေကို သူလက်ခံရမယ်၊ မြန်မာ့နိုင်ငံရေးကနေ စစ်တပ် လုံးဝထွက်သွားမှသာ တွေ့ဆုံဆွေးနွေးမယ်”လို့ ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

သွေးစွန်းနေတဲ့လက်နဲ့ စိတ်ပုတီးကိုင်ဖို့မတင့်တယ်သလို၊ ပြည်သူ့သွေးအထပ်ထပ်လူးပြီး အရေးနိမ့်လာတော့မှ ငြိမ်းချမ်းရေးဆိုတာဟာ ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်ကို မခံရဲတဲ့ သတ္တိမဲ့သတ္တဝါမျိုးရဲ့ ပေါက်လွှတ်ပဲစားကြံစည်လာတဲ့ အကြံယုတ်ပါပဲ။

မိမိအမှားကိုသိပြီး အမှန်တကယ်နှောင်တရတဲ့သူဆိုတာ သွေးစွန်းနေတာကို ပထမဆေးကျောတဲ့အနေနဲ့ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို တာဝန်ခံရမယ်။ ထိုက်တန်တဲ့အပြစ်ကို ရဲရဲဝံ့ဝံ့ခံယူရမှာဖြစ်ပါတယ်။ ပြီးမှ မွန်မြတ်ဖြူစင်တဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောဆိုအပ်တာဖြစ်ပါတယ်။

အမှန်တကယ်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေကြား တစ်နိုင်ငံလုံးရဲ့ တစ်ဝက်လောက်ထိကို လွှမ်းခြုံထားနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်ထုတ်ပြောလာခဲ့ပြီးတဲ့နောက် အာဏာရူးမင်းအောင်လှိုင်ရဲ့ အခုလိုအကြံဆိုးနဲ့ EAO တွေနဲ့တွေ့ဆုံဖို့ဆိုတဲ့ နိုင်ငံရေးကစားလာတာဟာ သွေးစွန်းဘီလူးအာဏာရူးပါးစပ်ကထွက်တဲ့ မိစ္ဆာဝါစာပါပဲ။ 

သာဝတ္ထိပြည် အနာထပိဏ်သူဌေးရဲ့အရံဖြစ်တဲ့ ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရားရှင်သီတင်းသုံးနေတော်မူစဥ်က ရဟန်းပရိသတ်ကို ဟောကြားတော်မူခဲ့တဲ့ မဟာစတ္တာရီသကသုတ်ထဲမှာ မိစ္ဆာဝါစာဆိုတာ မုသားပြောခြင်း ကုန်းချောခြင်းပြိန်ဖျင်းသော စကားဆိုခြင်းလိုဆိုပါတယ်။ အခုလည်း အာဏာရူးမင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲဖို့ သူမယုံကြည်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မွန်မြတ်ဖြူစင်တဲ့အရေးကိစ္စကို အယောင်ပြဖုံးအုပ်ပြီး မုသားစကားဆိုလာတာဖြစ်သလို၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေနဲ့ ပြည်သူလူထုအကြား အထင်လွဲအောင် ကုန်းချောစကား ပြောလိုက်တာလည်းဖြစ်ပါတယ်။ 

သစ္စာတရားတစ်ခုကို လွန်ပြီး မုသားစကားကို ဆိုလေ့ရှိတဲ့သူ၊ နောင်ဘဝအတွက် ဆင်ခြင်စဉ်းစားခြင်း အလျဉ်းမရှိတဲ့သူမှာ မပြုနိုင်တဲ့ မကောင်းမှုအကုသိုလ်မည်သည် မရှိလို့ စိဉ္စမာဏဝိကာဝတ္ထုမှာ မြတ်စွာဘုရားရှင်ဟောကြားထားပါ‌သေးတယ်။

နောက်တခါ ဒုတိယ သူစိလောမသုတ်ထဲမှာလည်း "ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အပ်အမွေး ပေါက်သော ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ဦးခေါင်းမှ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏၊ ခံတွင်းမှ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်မှ ဝင်၍ ဝမ်းပိုက်မှ ထွက်ကုန်၏၊ ဝမ်းပိုက်မှ ဝင်၍ ပေါင်တို့မှ ထွက်ကုန်၏၊ ပေါင်တို့သို့ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေဖဝါးတို့မှ ထွက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ် ပြည်၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးပြီ " လို့ဟောကြားခဲ့ပါတယ်။

ဒါကြောင့် မိဘပြည်သူကိုသတ်ဖြတ်၊ လူသန်းပေါင်း ၅၀ ကျော်ရဲ့ဘဝတွေနဲ့ တိုင်းပြည်ကို နင်းချေဖျက်ဆီးခဲ့ရုံမက ပြည်သူအချင်းချင်းကြား ညီညွတ်မှုမရှိအောင် မဟုတ်မမှန်သတင်းတွေဖြန့်၊ ကုန်းတိုက်နေတဲ့ သမ္မတရူးမအလဟာ ဒီဘဝမှာတင် သူကျုးလွန်ခဲ့ ကျုးလွန်ဆဲ မဟာအကုသိုလ်ကြီးတွေရဲ့အပြစ်ဒဏ်ဝဋ်ကြွေးပြန်ဆပ်ရမယ့် အပြင် နောင်သံသရာဘဝတွေမှာ အပ်အမွေး ပေါက်တဲ့ပြိတ္တာဘဝ ရောက်ပြီး ဝဋ်ဆင်းရဲကြီးစွာ ဒုက္ခခံရဦးမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013