DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တနှစ်ကျော်အတွင်း ပြည်သူ ၁,၇၈၀ ကျော်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၃,၃၀၀ ကျော်လာ
DVB
·
April 22, 2022
စစ်ကောင်စီက တနှစ်ကျော်အတွင်း ပြည်သူ ၁,၇၈၀ ကျော်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၃,၃၀၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၈၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၃၃၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၂၉၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၀၀ ရှိပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ မီးရှို့ခဲ့ပြီး ဒေသခံရွာသား ကိုနေမျိုးဦးကို ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုနေမျိုးဦးဟာ သူ့ရဲ့မိသားစုကို တခြားကျေးရွာဆီ စစ်ရှောင်ဖို့အတွက် ပို့ဆောင်ခဲ့ပြီး ပြန်လာချိန် ကင်းပုန်းနဲ့တွေ့ကာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာလည်း ဧပြီ ၂၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ကားနဲ့တိုက် ဖြိုခွင်းကာ ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ၂ ယောက်ကတော့ CTUM ရဲ့ ဆက်သွယ်ရေးဌာနမှ ဌာနမှူး ဒေါ်ခိုင်သဉ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုးနဲ့ အဖွဲ့ဝင် ဒေါ်အိဖြူဖြူမြင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013