DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်ကန့်သတ်ချက်ကြောင့် ရွှေတုံးအရောင်းအဝယ် ရပ်တန့်
DVB
·
April 22, 2022
ဗဟိုဘဏ်ကန့်သတ်ချက်ကြောင့် ရွှေတုံးအရောင်းအဝယ် ရပ်တန့်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်ငွေလဲနှုန်းအပေါ် အခြေခံပြီး ပြည်တွင်းရွှေဈေးကို သတ်မှတ်ရောင်းဝယ်ရမယ်လို့ ကန့်သတ်လိုက်တဲ့အတွက် ရန်ကုန်ရွှေဈေးကွက်မှာ အကယ်ဒမီ (မီးလင်း) ရွှေအတုံး အရောင်းအဝယ် ရပ်တန့်သွားပြီး မှောင်ခိုဈေးကွက် ပေါ်လာနိုင်တဲ့အကြောင်း ဈေးကွက်သုတေသီတွေက ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီအထိ နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို ၁,၉၅၃ ဒေါ်လာ ရှိပါတယ်။

ဒါကြောင့် လက်ရှိ ကမ္ဘာ့ရွှေဈေးအပေါ် အခြေခံပြီး ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်း ၁,၈၅၀ ကျပ်နဲ့ တွက်လိုက်ရင် ပြည်တွင်းအကယ်ဒမီ (မီးလင်း) ရွှေဈေးက တကျပ်သားကို ၁၉ သိန်း ၂ သောင်း ၆ ထောင် ကျပ်ရှိပါတယ်။

ဒါပေမဲ့ ပြင်ပ မှောင်ခိုဈေးကွက်မှာရှိတဲ့ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၂,၀၀၀ အနည်းဆုံး ရှိတာကြောင့် အဲဒီတန်ဖိုးနဲ့ တွက်ရင် ပြည်တွင်းအကယ်ဒမီ (မီးလင်း) ရွှေဈေးက တကျပ်သားကို ၂၀ သိန်း ၈ သောင်း ၃ ထောင် ကျပ်ရှိတာကြောင့် တကျပ်သားကို ကျပ် ၁ သိန်း ၅ သောင်း ၇ ထောင် ဈေးနှုန်းကွာခြားနေပါတယ်။

အခုလို ဈေးနှုန်းကွာခြားမှုကြောင့် ရန်ကုန်ရွှေဈေးကွက်မှာ အကယ်ဒမီ (မီးလင်း) ရွှေ အရောင်းအဝယ်က လက်ရှိမှာတော့ အရောင်းအဝယ် ရပ်တန့်နေတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “အပြင်ဈေးနဲ့ဆိုရင် ကြားမှာ ၁ သိန်းခွဲလောက် ကွာနေတော့ အဆင်မပြေဘူးလေ။ ဒါကြောင့် အရောင်းအဝယ်က လောလောဆယ် ဈေးကွက်မှာ ရပ်နေတာပေါ့။ ဈေးကွက်မှာ ရပ်နေပေမယ့် အပြင်မှာတော့ အရောင်းအဝယ်က ရပ်ထားလို့မရဘူး။ ရွှေဆိုင်တွေမှာတော့ ရောင်းတဲ့သူ၊ ဝယ်တဲ့သူက သူ့ဟာနဲ့သူ ရှိနေတယ်။ ဒါပေမဲ့ အကယ်ဒမီ (မီးလင်း) ရွှေအတုံး အရောင်းအဝယ်ကသာ ရပ်နေတာ။ အမှန်ကတော့ ကုန်ဈေးနှုန်းဆိုတာက ကန့်သတ်လို့ မရဘူးလေ။ ကန့်သတ်လို့ရှိရင် မှောင်ခိုဈေးကွက်က ပေါ်လာမှာ။ ဈေးကွက်ကို လွှတ်ထားပေးခြင်းဖြင့် ရောင်းချင်တဲ့သူကလည်း သူ့ဟာနဲ့သူ ပေါက်ဈေးနဲ့ရောင်း၊ ဝယ်တဲ့သူကလည်း ပေါက်ဈေးနဲ့ဝယ်ဆို ဈေးကွက်က သူ့ဘာသာ ငြိမ်နေတာနော်။ လူတွေက ကြိုက်တဲ့အချိန်မှာ ဝယ်လို့ရသလို ကြိုက်တဲ့အချိန်မှာ ရောင်းလို့ရတယ်ဆိုရင် ဒီအပေါ် ဘယ်သူမျှ အာရုံမထားတော့ဘူး။ အဲ့လိုမဟုတ်ဘဲ သွားပြီး ကန့်သတ်လိုက်ရင် ဈေးကွက်က ကမောက်ကမတွေ ဖြစ်ကုန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဈေးကွက်သုတေသီတဦးလည်း “အန်ကယ်တို့ အရင်က ကြုံခဲ့ဖူးတာလေးရှိတယ်။ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်တုန်းကပေါ့။ အဲ့ဒါက ယနေ့ ရွှေဈေး ၅ သောင်း ၄ ထောင် ဆိုပြီးတော့ ဈေးကို သတ်မှတ်တယ်။ အဲ့ဒီ့ဈေးနဲ့ပဲ ရောင်းရမယ်ဆိုပြီး လုပ်ခဲ့တာရှိတယ်။ အဲ့လိုလုပ်ခဲ့တုန်းက ဘာဖြစ်လဲဆိုရင် အပြင်မှာ ပေါက်ဈေးက ၇ သောင်းခွဲ၊ ၈ သောင်းဝန်းကျင် ရှိတယ်။ ဒါကို သူက ကောင်တာမှာ ယနေ့ ရွှေဈေး ၅ သောင်း ၄ ထောင်ဆိုပြီး တင်ထားတယ်။ အဲ့တော့ ပြန်ရောင်းချင်တဲ့အခါ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဈေးနဲ့ဆိုတော့ ဘယ်သူတွေ ထိခိုက်လဲဆိုရင် အခြေခံလူတန်းစားတွေပဲ ထိခိုက်တာ။ ပိုက်ဆံရှိတဲ့သူအတွက်က ကိစ္စမရှိဘူး။ ဘာလို့လဲဆို သူက ပိုက်ဆံရှိလို့ ဝယ်မယ့်သူဆိုတော့ နိုင်ငံတော်က သတ်မှတ်ဈေးနဲ့ မင်းတို့ ရောင်းမှာလား။ မရောင်းနိုင်ဘူးဆိုရင်လည်း ရတယ်နော်။ သူက ပိုက်ဆံရှိတဲ့သူ။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူကတော့ ငွေလိုလို့ ရောင်းရမယ်။ ရောင်းတဲ့အခါ နိုင်ငံတော်က သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းရတာဖြစ်လို့ သူ့အတွက် နစ်နာတာပေါ့။ ဒါကြောင့် ကုန်ဈေးနှုန်းကို ဒီလို သတ်မှတ်လို့ မဖြစ်နိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အသင်းသားစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်ပြီး အရောင်းအဝယ် ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အပြင် ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီ ဝ၅ မိနစ်မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၅၃ ဒေါ်လာ ရှိပြီး ပြည်တွင်း အကယ်ဒမီ (မီးလင်း) ရွှေက တကျပ်သားကို ၂၀ သိန်း ၈ သောင်း ၅ ထောင် ရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013