DVB Logo
Home
Lead Story
ယိုင်နဲ့နဲ့ စစ်တပ်ကို အသက်ဆက်မပေးမိစေဖို့
DVB
·
April 22, 2022
ယိုင်နဲ့နဲ့ စစ်တပ်ကို အသက်ဆက်မပေးမိစေဖို့
Donate to DVB

လွန်ခဲ့တဲ့ လအနည်းငယ်က Total, Chevron ကုမ္ပဏီတွေ မြန်မာပြည်ကနေ ထွက်ခွာမယ့် အကြောင်း ထုတ်ပြန်ကြတာ မှတ်မိဦးမယ် ထင်ပါတယ်။ ဒါဟာ ပြည်တွင်း ပြည်ပ ပညာရှင်၊ ပြည်သူလူထုအားလုံးရဲ့ ကြိုးစားမှုကြောင့် ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ စစ်တပ်နဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာခဲ့သူတွေပါ။ ဒီလိုဆုံးဖြတ်ချက်မျိုး လုပ်လာတယ်ဆိုတာ အားတက်စရာကောင်းတဲ့ အရွေ့တစ်ခုလည်း ဖြစ်ပါတယ်။ 

ခုဆောင်းပါးမှာတော့ အဲဒီရဲ့ နောက်ဆက်တွဲတွေကို ပြည်သူအများ သိရအောင် ရေးပြမှာပါ။ 

သွေးစွန်းငွေလှုပ်ရှားမှုဆိုတာ စစ်တပ်ဆီကို ငွေတွေ မစီးဝင်အောင် တားဆီးတဲ့ လှုပ်ရှားမှုပါ။ စစ်ဆိုတာ ငွေမရှိဘဲ တိုက်လို့ မရပါဘူး။ သူတို့ဆီ ရောက်သွားသမျှ ငွေတွေဟာ ပြည်သူကို ပြန်သတ်မယ့် လက်နက်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် ပြည်တွင်းက စစ်တပ်လုပ်ငန်းတွေကို သပိတ်မှောက်ကြသလို၊ စစ်တပ်ရဲ့ အရေးပါတဲ့ နိုင်ငံခြားဝင်ငွေလမ်းကြောင်းဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကနေ ဝင်ငွေတွေ မရအောင် တားဆီးဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။ 

အခု အားလုံးရဲ့ ကြိုးစားမှုနဲ့ ဒီကုမ္ပဏီတွေ ထွက်သွားပြီ။ EU ကလည်း MOGE ကို အရေးယူ ပိတ်ဆို့လိုက်ပြီ။ ဒါက အရွေ့တွေပါ။ သို့သော် ဆက်ပြီး တွန်းရဦးမှာ ၃ ခု ရှိပါတယ်။ 

ကုမ္ပဏီတွေ ထွက်သွားပြီဆိုပေမဲ့ စစ်တပ်ကို ပေးစရာငွေ ဒေါ်လာသန်း ၂၅၀ ကျန်နေပါတယ်။ စစ်တပ်ဆိုလို့ သူတို့ပိုင်တာ မဟုတ်ဘူး။ တကယ်တော့ မြန်မာပြည်သူတွေ ပိုင်တာပဲ။ မြန်မာပြည်က ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေကိုး။ ဒီတော့ အဲဒီငွေတွေကို မပေးဘဲ Freeze လုပ်ထားဖို့၊ သီးခြားအကောင့်ထဲ ထားပေးထားဖို့ လိုပါတယ်။ 

ပမာဏချင်းကို ယှဉ်ပြပါမယ်။ ဟိုတလောက မပန်ဆယ်လိုနဲ့ C2D ပေါင်းလုပ်တဲ့ DragonFly Project က ပြည်သူတွေ အင်နဲ့အားနဲ့ ဝန်းရံကြလို့ရခဲ့တာ ဒေါ်လာ ၂ ဒသမ ၂ သန်းပါ။ သန်း ၂၅၀ ဆို အဲဒါရဲ့ အဆတစ်ရာမက ရှိပါတယ်။ ဒီလောက်ဆို ဒီငွေတွေ စစ်တပ်ဆီ မရောက်သွားဖို့ ဘယ်လောက်အရေးကြီးလဲ သိလောက်ပါပြီ။ 

EU ရဲ့ စည်းမျဥ်းအရ Sanction ချထား​ပေမဲ့ သက်ဆိုင်ရာ နိုင်ငံအစိုးရဆီက​နေ ကင်းလွတ်ခွင့် ၂ ခု ​တောင်းပိုင်ခွင့် ရှိတယ်။ အဲဒီအစိုးရက ခွင့်ပြုရင် ဆက်လုပ်လို့ ရပါတယ်။ 

ဘာတွေလဲဆိုတော့ MOGE ကို စီမံကိန်းပိတ်သိမ်းဖို့၊ သဘာပတ်ဝန်းကျင် မထိခိုက်ဖို့ဆိုပြီး ငွေဆက်ပေးလို့ ရသေးတယ်။ နောက်တစ်ချက်က အစုရှယ်ယာနဲ့၊ လုပ်ငန်းဆက်လုပ်ဖို့ သတင်းအချက်အလက်တွေကို MOGE ဆီ လွှဲပြောင်းပေးထားနိုင်တယ် ဆိုတာပါ။ ဒါကြောင့် ပြင်သစ်အစိုးရအနေနဲ့ Total က​နေ ​တောင်းဆိုလာခဲ့ရင် ဒီကင်းလွတ်ခွင့် ၂ ချက်ကို အသုံးပြုခွင့် မပေးဖို့ လိုပါတယ်။ 

နောက်ပြီး US အစိုးရကလည်း ခုထိကို ပိတ်ဆို့အရေးယူမှု မလုပ်သေးပါဘူး။ 

ချုပ်ပြောရရင် ဒီကုမ္ပဏီတွေအနေနဲ့ စစ်တပ်ဆီ ပေးစရာ ကျန်နေသေးတဲ့ငွေတွေကို မပေးဘဲ ထိန်းထားဖို့၊ ပြင်သစ်အစိုးရကလည်း ဒီကုမ္ပဏီတွေကို ကင်းလွတ်ခွင့် ၂ ချက် အသုံးပြုခွင့် မပေးဖို့၊ US အစိုးရအ​နေနဲ့ MOGE ကို ပိတ်ဆို့အရေးယူ​ပေးဖို့၊ ဒီ ၃ ချက်ကို ဆက်လက် တောင်းဆိုကြရမှာ ဖြစ်ပါတယ်။ 

ဘယ်သူတွေမှာ တာဝန်ရှိလဲဆို အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံး ပါဝင်ဖို့ လိုပါတယ်။ မြေပြင်သပိတ်အဖွဲ့တွေ၊ အွန်လိုင်းပေါ်ကနေ ပါဝင်ကြမယ့် ပြည်သူတွေ၊ မီဒီယာသမားတွေ၊ ကမ္ဘာ့မီဒီယာတွေထိပါ ပေါက်ရောက်သူတွေ၊ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ NUG က တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တချို့ကိစ္စ​တွေက အွန်လိုင်းက​နေပဲ ​တောင်းဆိုရုံ၊ ​မြေပြင်သပိတ်​တွေက​နေပဲ ဆန္ဒထုတ်​​ဖော်ရုံနဲ့ မပြီးပါဘူး။ တရားဝင်အစိုးရအဖြစ် ဦးဆောင်ဆွေးနွေးမှ ရမှာ​တွေ ရှိပါတယ်။ 

ဒီကုမ္ပဏီတွေ ခုလို စစ်တပ်နဲ့ ဖယ်ခွာပြီး လုပ်ငန်းတွေ ရပ်တန့်လိုက်တယ်ဆိုတာ ဘယ်တုန်းကမှ စိတ်ကူးမယဉ်နိုင်ခဲ့တဲ့ ကိစ္စတွေပါ။ ပြောရရင် ပြည်သူတွေရဲ့ အောင်ပွဲပါ။ သို့သော် အဆုံးထိတော့ မရောက်သေးဘူး။ လူမြင်ကောင်းအောင် ဆက်မလုပ်တော့ဘူး ပြောပြီး နောက်ကွယ်မှာ ငွေတွေ ပေးနေမှာမျိုး ဖြစ်လို့မရဘူး။ တပတ်ရိုက် ခံရလို့ မဖြစ်ဘူး။ ဒါကြောင့် ပြည်သူဟာ သိဖို့ လိုတယ်။ အမြင်ပွင့်ဖို့ လိုတယ်။ အခြေအနေက ဘာဖြစ်နေပြီ၊ ဘယ်အဆင့် ရောက်နေပြီဆိုတာ သိထားဖို့ လိုတယ်။ 

စစ်တပ်ဘက်ကလည်း တော်လှန်ရေးထဲ ငွေလှူတဲ့သူတွေကို လိုက်လံဖမ်းဆီးနေတာ အားလုံး အသိပါ။ ငွေရှိမှ လက်နက်ဆိုတာ ရှိတာကိုး။ အဲဒီလိုပဲ၊ ကျနော်တို့ဘက်ကလည်း သူတို့လုပ်ငန်းတွေကို သပိတ်မှောက်ရမှာ မှောက်။ ခုလို ပြည်ပက နိုင်ငံခြားငွေတွေ မစီးဝင်အောင်လည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ဖို့ လိုပါတယ်။ ကိုယ့်ဘက်ကို ရန်ပုံငွေ ရရှိရေးတစ်ခုတည်း လုပ်နေလို့ မပြီးပါဘူး။ သူ့ဘက်ကိုလည်း ပိတ်ရပါမယ်။ မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပါပဲ။ 

ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ စစ်တပ်ကို ဆက်ပြီး အသက်သွင်းပေးနေမှာ ဒီငွေတွေပါ။ ဒါကြောင့် အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆက်လက် လုပ်ဆောင်သွားကြဖို့ အရေးကြီးပါတယ်။ လာမယ့်ရက်တွေမှာလည်း ပြည်တွင်း ပြည်ပ အွန်လိုင်း လှုပ်ရှားမှုတွေ ရှိပါလိမ့်မယ်။ အဲဒီအခါ ဘာအတွက် လုပ်တာလဲ၊ ဘာကြောင့် လုပ်ရတာလဲ သိနေစေဖို့ ရည်ရွယ်ရေးသားလိုက်တာပါ။

​ဒေါက်တာ ဖြိုးသီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013