
NLD အစိုးရလက်ထက် အတက် အကျ နည်းနည်းဖြင့် ဖြစ်တည်နေခဲ့သော မြန်မာ့ အိမ်ခြံမြေ ဈေးကွက်သည် အာဏာသိမ်းပြီး အစောပိုင်းကာလအထိ အလှုပ်အခတ် များစွာမရှိဘဲ တည်ငြိမ်နေခဲ့သည်။
သို့သော် ပုဂ္ဂလိဘဏ်များတွင် အပ်နှံထားငွေများ ပြန်လည်ထုတ်ယူရန် ခက်ခဲသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ အိမ်ခြံမြေဈေးကွက်က စတင်လှုပ်ခတ်လာသည်။
အိမ်ခြံမြေဈေးကွက် နိုးထချိန်
“အာဏာသိမ်းပြီးကတည်းက ဘဏ်တွေထဲ ထားတဲ့ငွေတွေ ထုတ်ရတာ ခက်ခဲလာတယ်၊ ကိုယ့်ငွေကို တလုံးတခဲတည်း ထုတ်မရတော့ဘူး၊ လူတွေက စောင့်ကြည့်တယ်၊ ရသလောက် ခွဲထုတ်တယ်၊ တနှစ်နီးပါး ကြာလာတဲ့အထိ ဘဏ်ငွေထုတ်ယူမှုကို နစက က အဆင်ပြေအောင် လုပ်မပေးနိုင်ဘူးဆိုတာကို သိမြင်လာတဲ့အချိန်မှာ အိမ်ခြံမြေဈေးကွက်က စလှုပ်တော့တာပဲ”ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက ပြောသည်။
နစက၏ ဘဏ်စနစ် တည်ငြိမ်အောင် ဆောင်ရွက်နိုင်မှုကို စောင့်ကြည့်ရင်း၊ မိမိပိုင်ငွေကို ခွဲထုတ်ယူကြရင်းဖြင့် လက်ထဲ ငွေအတော်များများ ပြန်ရောက်လာချိန် ဒီဇင်ဘာလပိုင်းမှ စတင်ကာ အိမ်ခြံမြေဈေးကွက် နိုးထလာခြင်း ဖြစ်သည်။
ရန်ကုန် အိမ်ခြံမြေအကျိုးဆောင်က “လူတွေက ဘဏ်တွေကိုလည်း ယုံလို့မရဘူးဆိုတာ သိလာကြတယ်၊ လက်ထဲလည်း ငွေများများ ကိုင်မထားချင်ဘူး၊ ဒီလိုနဲ့ပဲ ငွေလုံးငွေရင်းကို တခါတည်း မြှုပ်နှံနိုင်တဲ့ အိမ်ခြံမြေဘက် လှည့်လာကြတယ်” ဟု ရှင်းပြသည်။
ယခုတဖန် ရန်ကုန်အိမ်ခြံမြေဈေးကွက် အလှုပ်အခတ်သည် ယခင်ကနှင့်မတူ ကွာခြားသည်ဟုလည်း သူက ဆိုသည်။
“အရင်ကလို တိုက်ခန်းတွေက အဝယ်မလိုက်တော့ဘူး၊ ကွန်ဒိုတွေဆို ပိုဝေးပေါ့။ တိုက်ခန်းက အရောင်းသမားပဲ များတယ်၊ ဝယ်လက်က မြေလွတ်ပဲ ဝယ်ချင်ကြတယ်၊ လောလောဆယ် အကျိုးဆောင်ပေးရတာ များနေတာက မှော်ဘီနဲ့ ရွှေပေါက္ကံဘက်က ခြံမြေကွက်အလွတ်တွေ များတယ်၊ ပြီးတော့ ပုလဲမြို့သစ်ပေါ့။ အဲဒီလို ခြံမြေအလွတ်တွေကိုပဲ ဝယ်လက်လိုက်နေတယ်၊ သိန်းနှစ်ထောင်ကျော်တန် ကွန်ဒို တိုက်ခန်းဝယ်မယ့်အစား မြို့နယ်ခွဲပြီး သိန်းတစ်ထောင် မြေကွက်နှစ်ကွက်ပဲ ဝယ်မယ်။ ဒီမြို့နယ်က မြေကွက်က အုံးခနဲ ဈေးထမတက်ရင်တောင် ဟိုဘက်မြို့နယ်က ဈေးထတက်ရင် ပြီးပြီ၊ အဲဒီလို စဉ်းစားတွက်ဆ ဝယ်နေကြတာပဲ” ဟု လတ်တလော ဈေးကွက်အခြေအနေကို ပြောပြသည်။
ရန်ကုန်ဧရိယာအတွင်း အရောင်းအဝယ်ဖြစ်နေသည့် အိမ်ခြံမြေကွက်များမှာ သိန်းသောင်းချီသည့် မြေကွက်များမဟုတ်ဘဲ ထောင်ဂဏန်းဝန်းကျင် မြေကွက်များ အရောင်းအဝယ်သွက်နေခြင်း ဖြစ်သည်။
ရန်ကုန်နည်းတူ မန္တလေးတွင်လည်း သိန်းထောင်ဂဏန်းဝန်းကျင် မြေကွက်များ အဝယ်လိုက်နေသည်။
“ကျမတို့ ခုတလော ပွဲတည့်တာ များတာတော့။ မြို့သစ်၊ မြရည်နန္ဒာနဲ့ ပုသိမ်ကြီးဘက်က မြေလွတ်လေးတွေ တည့်တယ်ရှင့်။ ဟုတ်ကဲ့ သိန်းရာဂဏန်း၊ ထောင်ဂဏန်းပါပဲ။ ဝယ်လက်တွေကလေ အဆောက်အဦပါတာထက် မြေလွတ်ကို ပိုဝယ်ကြတယ်ဆိုတော့ လတ်တလော လူလာနေဖို့ထက် ငွေပိုလို့ မြေဝယ်ထားကြတဲ့ သဘောလို့ပဲ ပြောရမှာပေါ့နော်” ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်က ပြောသည်။
မန္တလေးနှင့်နီးသည့် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြေကွက်များသည်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ အဝယ်လိုက်လာသည်။ ယခင်ကကဲ့သို့ ဧကပြတ်ဝယ်ယူခြင်းမျိုး သိပ်မရှိဘဲ အကွက်ဖော်ပြီး မြေကွက်များ၊ ရွာမြေများ အရောင်းအဝယ်ဖြစ်နေသည်။
“ပြင်ဦးလွင်မြေကတော့ လူကြိုက်များတယ်၊ ဒါပေမဲ့ နည်းနည်းရှုပ်တယ်၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သစ်တောမြေတွေကို အကွက်ရိုက်ရောင်းသွားကြတဲ့ ကိစ္စတွေ အခုထိ မရှင်းရသေးဘူး၊ အခုချိန်မှာက မြေရာဇဝင်လိုက်ရတာလည်း မလွယ်ဘူးရှင့်၊ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေကလည်း ပြန်ရောင်းနေကြပါတယ်” ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်က ဆိုသည်။
စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့တွင်လည်း ဇန်နဝါရီလမှ စတင်ကာ သင်္ကြန်မတိုင်မီအထိ မြေအရောင်းအဝယ်များ ဖြစ်နေသည်။ မုံရွာ၏ မြေအဝယ်ဈေးကွက်မှာလည်း သိန်းရာဂဏန်းမှ ထောင်ဂဏန်းရှိ မြေကွက်များသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
NLD အစိုးရလက်ထက်က ဖြေရှင်း၍ မပြီးသေးသော မုံရွာ ချင်းတွင်းမြစ် ရေချိုထိန်းအင်းကို မြေဖို့အကွက်ရိုက် ရောင်းနေကြသည့်အပြင် ယာမြေများကို အကွက်ရိုက် ရောင်းချခြင်းကလည်း ပြန်လည်ဖြစ်ထွန်းလာသည်။ စကစလက်ထက်တွင် မြေစာရင်းဦးစီးဌာနနှင့် ပေါင်းကာ ဂရန်ရယူထားကြသူများပင် ရှိနေကြောင်း မုံရွာမြို့ခံတချို့က ပြောသည်။
ဒေသတွင်းနိုင်ငံများနှင့်မတူသော မြန်မာ့ အိမ်ခြံမြေဈေးကွက်
လတ်တလော ပြန်လှုပ်လာသော အိမ်ခြံမြေဈေးကွက်၏ အလားအလာသည် ရေရှည် ကောင်းနိုင်ပါမည်လော။ ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်အဖြစ် နှစ်ပေါင်း သုံးဆယ်ခန့် လုပ်ကိုင်ခဲ့ပြီး ယခုအခါ ပုဂ္ဂလိကဘဏ်ကြီးတခုတွင် အိမ်ခြံမြေ ရာဖြတ် အကြီးအကဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးလှသိန်း(အမည်လွှဲ) က မည်သို့ သုံးသပ်ပါမည်လဲ။
ဦးလှသိန်းက “ကျနော်တို့နိုင်ငံက အိမ်ခြံမြေဈေးကွက်က ဒေသတွင်း နိုင်ငံတွေနဲ့မတူဘူး၊ ၁၉၉၅ ခုနှစ်ဝန်းကျင်တဝှိုက်မှာ နဝတအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေး ယူတယ်၊ ငြိမ်းချမ်းရေးလည်း ယူလိုက်ရော အဲဒီတိုင်းရင်းသားဒေသတွေက ငွေကြေးချမ်းသာသူတွေဟာ ရန်ကုန်၊ မန္တလေးလိုပြည်မဘက်က မြို့ကြီးတွေဆီကို ပြောင်းရွှေ့ အခြေချလာတယ်၊ သူတို့က ဘယ်လိုနည်းလမ်းတွေနဲ့ ရှာထားတဲ့ ငွေတွေလည်း မသိဘူး၊ ဒီဘက်က ပြည်သူတွေ ပေးမဝယ်နိုင်တဲ့ ဈေးနဲ့ အိမ်ခြံမြေတွေကို ပစ်ဝယ်ပစ်တာ၊ မန္တလေးဆိုရင် အသိသာဆုံး မန္တလေးသားစစ်စစ်တွေက ရောင်းချပြီး မြို့သစ် ပြောင်းသွားကြရတယ်၊ ဒါက တချက်။"
ခွန်ဆာနှင့် လော်စစ်ဟန်တို့ ငြိမ်းချမ်းရေးယူသည့် ၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးများ၌ အိမ်ခြံမြေဈေးကွက် အဆမတန်ထိုးတက်ခဲ့ပြီးနောက် အရှေ့တောင်အာရှ စီးပွားပျက်ကပ်ဆိုက်သည့် ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက် ပြန်လည် အေးစက်သွားခဲ့သည်။
“ဝုန်းဒိုင်းဆိုပြီး ပြန်တက်တာက ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မတိုင်မီလေးပေါ့၊ ကျနော်တို့နိုင်ငံမှာက Corruption (အကျင့်ပျက် ခြစားမှု) က သိပ်များတယ်လေ။ ဆိုတော့ နဝတ၊ နအဖ လက်ထက်တလျှောက်လုံး Corruption ကြောင့် ငွေထုပ်ပိုက်မိလာတဲ့ အရာရှိကြီးငယ် အသွယ်သွယ်က အသွင်ပြောင်းအစိုးရလက်ထက်မှာ ငွေမကိုင်တော့ဘူး၊ အခွန်လည်း မဆောင်ချင်ဘူး၊ ဒီတော့ အကူးအပြောင်း ကာလလေးမှာ သူတို့ရဲ့ Illegal money (တရားမဝင်ငွေ) ကို မြေထဲ မြှုပ်ပစ်တော့တာ၊ မြေဝယ်ကြတော့တာ၊ အဲဒီမှာ တခါ အိမ်ခြံမြေဈေးက ထိုးတက်ခဲ့တယ်” ဟု ဦးလှထွန်းက ရှင်းလင်းပြောဆိုသည်။
ဤအကြောင်းအရာများသည် ဒေသတွင်းနိုင်ငံများ၏ အိမ်ခြံမြေ ဈေးမြင့်တက်မှုတွင် မတူ ကွဲပြားသည့် အကြောင်းအချက်များ ဖြစ်ခဲ့သည်။
ဦးလှထွန်းက “စင်ကာပူမှာ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၀ ကျော်လောက်အထိ အိမ်ခြံမြေဈေးက တောက်လျှောက်ထိုးတက်ခဲ့တယ်။ ဘာကြောင့်လဲ၊ သူက အာရှကျားတကောင် ဖြစ်လာတော့မယ်၊ နိုင်ငံတကာလုပ်ငန်းရှင်ကြီးတွေက မျက်စိကျလာပြီ၊ ဝင်လာပြီ၊ အဲဒီမှာ စင်ကာပူ အိမ်ခြံမြေဈေးက ထိုးတက်တယ်။ လီကွမ်ယူ၊ ဂိုချောက်တောင်လက်ထက်အထိပေါ့။ ထိုင်းနဲ့ ဗီယက်နမ်လည်း အဲဒီလိုပဲဗျ၊ အတိုချုံ့ပြောရရင် ဒေသတွင်းနိုင်ငံတွေမှာ အိမ်ခြံမြေ ဈေးကွက် ထိုးတက်တာက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ဝင်လာလို့၊ ဒီမှာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကလည်း လောက်လောက်လားမရှိဘဲ Illegal money တွေနဲ့ ဆော့နေကြလို့ မဖြစ်သင့်တဲ့ ဈေးတွေ ဖြစ်နေတာပဲ၊ ဗိုလ်ချုပ်ကြီးကစ ဗိုလ်မှူးအဆုံး ဆွေမျိုးသားချင်း အမည်ပေါက်တွေနဲ့ ဝယ်ထားတဲ့ အိမ်တွေ တလုံးမကရှိနေတာ အားလုံးလည်း သိနေတာပဲ” ဟု သုံးသပ်ထောက်ပြသည်။
ဟိုက်ဒရိုဂျင် ကုန်တော့မည့် မိုးပျံပူဖောင်း
နိုင်ငံရေးနှင့် စီးပွားရေးသည် ဆက်စပ်မှုရှိသည်ကို အားလုံးအသိပင် ဖြစ်၏။ သို့ရာတွင် ယခင်ကမူ အတိုင်းအတာတခုအထိသာ ပတ်သက်ဆက်နွှယ်မှုရှိခဲ့ခြင်း ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်တွင်မူ ဒင်္ဂါးပြားတခု၏ ခေါင်းနှင့် ပန်းသဖွယ် ဖြစ်သွားသည်။ ယနေ့ ရောင်းဝယ်ဖောက်ကား ကူးသန်းသွားလာ၍ရနေသော လမ်းကြောင်းများသည် မနက်ဖြန် သွားလာ၍ ရချင်မှ ရမည်။ ဘာကိုမျှ မှန်းဆ၍ မရတော့။
ဝါရင့် အိမ်ခြံမြေအကျိုးဆောင်ဟောင်း ဦးလှထွန်းက “အိမ်ခြံမြေ ဈေးကွက်ကလည်း အဲဒီအတိုင်းပဲဗျာ၊ ရာခိုင်နှုန်းပြည့် နိုင်ငံရေးအပေါ် တည်မှီသွားပြီ၊ ဒီနေ့ နစက မရှိတော့ဘူးဆိုတာနဲ့ အိမ်ခြံမြေဈေးကွက်က အဝီစိဆင်းမှာပဲ” ဟု ဆိုသည်။
မည်သည့်အကြောင်းများကို ထောက်၍ ၎င်းက ထိုမျှအထိ ပြောခြင်း ဖြစ်ပါသနည်း။
“အကြောင်းက နှစ်ချက်ရှိတယ်၊ နစက မရှိတော့ရင် တိုင်းရင်းသားတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ကြားဖြတ်အစိုးရ တက်လာမှာပဲ၊ နောက်တက်လာတဲ့အစိုးရက မလိုအပ်ဘဲ သိမ်းယူထားတဲ့ တပ်ပိုင်မြေတွေကို တိုင်းရင်းသားပြည်သူတွေ လက်ထဲ ပြန်ထည့်လိမ့်မယ်၊ ဒါ သေချာတယ်။ NUG နှစ်ပတ်လည် ပြည်သူသို့ အစီရင်ခံစာမှာလည်း စစ်ဘေးသင့်ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်မယ်ဆိုတာ။ ဒါ့ကြောင့် အဲဒီကာလရောက်ရင် နိုင်ငံတကာ ကူညီမှုတွေနဲ့အတူ မီးဘေးသင့်ကျေးရွာတွေ စုပေါင်းပြီး မြို့သစ်ထူထောင်ပေးတာမျိုး လုပ်လိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။
တပ်ပိုင်မြေများကို ပြည်သူလူထုအတွက် ပြန်လည်သိမ်းယူမည့်အပြင် နစကလက်ထက် မနုတ်ထွက်ဘဲ တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဘက်၊ အရပ်ဘက် အရာရှိကြီးငယ်များ၏ အကျင့်ပျက် ခြစားမှုများကို ပြန်လည်ဖော်ထုတ်ကာ ၎င်းတို့ပိုင် အိမ်ခြံမြေများကို ပြည်သူပိုင် သိမ်းဆည်းခြင်း၊ ပြန်လည်လေလံတင်ခြင်းတို့ဖြင့် ငုပ်လျှိုးနေခဲ့သော မြေများ ပြန်ထွက်လာမည် ဖြစ်သည်။
“ဒုတိယအချက်က Corruption ကြောင့် အရေးယူခံရတဲ့ ဝန်ထမ်းတွေကို ကြည့်ပြီး နောက်အစိုးရသစ် လက်ထက်က ဝန်ထမ်းတွေ တော်တော်နဲ့ Corruption လုပ်ဝံ့မှာ မဟုတ်ဘူး၊ ဒီတော့ အရင်ကလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကြောင့် မဟုတ်ဘဲ Corruption သမားတွေကြောင့် ဖြစ်နေတဲ့ မိုးပျံပူဖောင်းကြီးက ကွဲမှာပဲ။ အရင်က နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရ အမည်တွေသာ ပြောင်းသွားတယ် Corruption Rate က ကျမသွားဘူး၊ ရှေ့လူခိုးလို့ ပိုင်ထားတဲ့ မြေကို နောက်တက်လာတဲ့ သူခိုးက ဆက်ဝယ်နိုင်တယ်။ သူခိုး သူခိုးချင်း လက်ဆင့်ကမ်းရင်း ဒီလိုနဲ့ ဒီပူဖောင်းကြီးက မြင့်မြင့်လာတာ၊ ပုံမှန်မဟုတ်ဘူး။ Corruption လုပ်ဝံ့တဲ့သူမရှိရင် ဒီအိမ်ခြံမြေဈေးတွေကို ဘယ်သူက မတန်တဆ ပေးဝယ်တော့မှာလဲ၊ စီးပွားရေးသမားကလည်း ဝယ်တော့မှာ မဟုတ်ဘူး၊ မြို့သစ်တွေ၊ ဇုန်သစ်တွေ ပေါ်လာမယ်လေ၊ သူ ဝယ်ချင်ရင် နောက်အစိုးရက လေလံပစ်မယ့် အိမ်ခြံမြေတွေကိုပဲ ဝယ်မှာပေါ့။ အခုလတ်တလော အိမ်ခြံမြေ ပြန်လှုပ်လာတယ်ဆိုတာ အဲဒီ Corruption သမားတွေက အိမ်ခြံမြေပွဲစားတွေနဲ့ လက်သိပ်ထိုး တက်လှိုင်းလွှင့်ပြီး ပြန်ရောင်းနေကြတာ။ သူတို့က ဒီက မြေတွေ အကုန်ပြန်ရောင်းပြီး စင်ကာပူတို့၊ ဘန်ကောက်တို့မှာ အခန်းပြန်ဝယ်ပြီး လစ်မယ်လေ၊ တချို့က ဝယ်ပြီးနေကြပြီ၊ ငွေသား ကိုင်ထားရမှာ စိုးရိမ်ပြီး ပွဲစားတွေကို ယုံမိတဲ့ အလတ်စား၊ အသေးစား လုပ်ငန်းရှင်လေးတွေ ခံရမှာပဲ။ ကျနော် လက်ရှိ ဘဏ်ဝန်ထမ်းအကြီးအကဲတဦးပါ။ ဒါပေမဲ့ ဘဏ်တွေကို ယုံပါ၊ ဘဏ်ထဲ ငွေပြန်ထည့်ကြပါလို့ အကြံမပေးလိုပါဘူး။ အိမ်ခြံမြေထဲ ငွေမြှုပ်မယ့်အစား ကိုယ့်လုပ်ငန်းထဲပဲ မြှုပ်တာ အကောင်းဆုံးပါ။ ဥပမာ အရင်က ကိုယ့်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းကို တလစာပဲ ဝယ်ယူ စုဆောင်းထားလေ့ရှိလား၊ အခု ပိုနေတဲ့ငွေနဲ့ အနည်းဆုံး လေး ငါး ခြောက်လစာ ကုန်ကြမ်း ဖြည့်တင်းထားပါ၊ အဲဒါက ရှုံးဖို့ အကြောင်းမရှိဘူး။ Corruption သမားတွေ လက်လွတ်လိုက်တဲ့ မိုးပျံပူဖောင်းကြီးကို ဖက်တွယ် မစီးချင်ပါနဲ့၊ ကိုယ့်တိုင်းရင်းသားအချင်းချင်းမို့ အကြံပေးတာပါ၊ ကွဲတော့မှာ” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လည်းဖြစ်၊ ပုဂ္ဂလိကဘဏ်ကြီးတခု၏ အိမ်ခြံမြေ ရာဖြတ်အရာရှိလည်းဖြစ်သူ ဦးလှထွန်းက အတိအလင်း အကြံပြု ပြောဆိုလိုက်သည်။
ပုံမှန်နည်းလမ်းဖြင့် ဖွံ့ထွားလာခြင်း မဟုတ်သည့် မြန်မာ့အိမ်ခြံမြေဈေးကွက် မိုးပျံပူပေါင်းကြီး မည်သည့်အချိန် ပေါက်ထွက်မည် ဆိုသည်မှာမူ ..........။
စောအဲမွန်