DVB Logo
Home
နိုင်ငံတကာ
အိမ်ခြံမြေနှင့် အလုပ်အကိုင် မလုံခြုံမှုကြောင့် တရုတ်စီးပွားရေး တုံ့ဆိုင်း
DVB
·
July 16, 2024
အိမ်ခြံမြေနှင့် အလုပ်အကိုင် မလုံခြုံမှုကြောင့် တရုတ်စီးပွားရေး တုံ့ဆိုင်း
Donate to DVB

အိမ်ခြံမြေဈေးကွက် အကျဘက်မှာ ဆက်ရှိနေသလို အလုပ်အကိုင် မလုံခြုံမှုကြောင့် ပြည်တွင်းဝယ်လိုအားကျတဲ့အတွက် တရုတ်စီးပွားရေးဟာ ၂၀၂၄ ဒုတိယသုံးလပတ်မှာ မျှော်လင့်သလောက် မတိုးတက်ခဲ့ဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မျှော်လင့်ချက်တွေ ဆက်ရှင်သန်ဖို့ တရုတ်အစိုးရအနေနဲ့ စီးပွားရေးအရှိန်အဟုန်မြှင့်မယ့် အစီအစဉ်တွေ ထပ်လုပ်ဖို့လိုမယ်လို့လည်း သုံးသပ်ထားပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်စီးပွားရေးဟာ ဧပြီ-ဇွန် ၃ လပတ်မှာ ၄  ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြပါတယ်။

ဒါဟာ ၂၀၂၃ ပထမသုံးလပတ်နောက်ပိုင်း တိုးတက်မှုနှုန်း အနှေးဆုံးဖြစ်ခဲ့သလို ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့သလို ၅ ဒသမ ၁ ရာခိုင်နှုန်းအထိလည်း မရောက်ရှိနိုင်ခဲ့ပါဘူး။

အခုနှစ် ပထမသုံးလပတ်မှာ ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တာနဲ့ ယှဉ်ရင်လည်း ပြန်ကျသွားတယ် ပြောလို့ရပါတယ်။

အိမ်ခြံမြေနဲ့ စတော့ဈေးတွေကျတာ၊ လုပ်ငန်းနယ်ပယ် အများအပြားမှာ ကုန်ကျစရိတ်တွေ လျှော့ချနေတာကြောင့် သုံးစွဲအားပါ ကျသွားတဲ့အတွက် အသုံးအဖြုန်းကြမ်းတဲ့ အခြေအနေကနေ အခြေခံ နေဖို့ စားဖို့ ပျော်ဖို့လောက် သုံးတယ်ဆိုတဲ့ အဆင့်ကို ရောက်သွားတယ်လို့ ING က တရုတ်ရေးရာ စီးပွားရေးပညာရှင် လင်းဆုန်က သုံးသပ်ပါတယ်။

ပြည်တွင်း သုံးစွဲနိုင်စွမ်းထက် ကုန်ထုတ်လုပ်မှုက များနေတဲ့အချိန်မှာ အိမ်ခြံမြေ ဈေးကွက်ကလည်းကျ၊ ဒေသအစိုးရတွေရဲ့ ကြွေးမြီကလည်း မြင့်တက်လာပါတယ်။

ပို့ကုန်အားကောင်းတာက အများကြီး အထောက်အကူရပေမဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်လာတာကလည်း ခြိမ်းခြောက်မှုတရပ် ဖြစ်လာပါတယ်။

မေလထဲမှာ အစိုးရက မရောင်းရသေးတဲ့ ဆောက်ပြီးသားအိမ်တွေ၊ အိမ်ရာတွေကို ဒေသအစိုးရတွေက ပြန်ဝယ်ပြီး နေရာချထားဖို့ အစီအစဉ်တရပ် ဗဟိုအစိုးရက စီစဉ်ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ဝန်ထမ်းတွေ လစာလျှော့တာ၊ လူငယ် အလုပ်လက်မဲ့ မြင့်တက်လာတာကြောင့် ဦးမော့မလာနိုင်ဘဲ ဇွန်လထဲမှာ ၉ နှစ်အတွင်း အမြန်ဆုံးနှုန်းနဲ့ အိမ်ဈေးတွေ ထိုးကျခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013