DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် နိုင်ကျဉ်းလွတ်မြောက်ရေး Blue Shirt ကမ်ပိန်း ပြုလုပ်
DVB
·
April 21, 2022
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် နိုင်ကျဉ်းလွတ်မြောက်ရေး Blue Shirt ကမ်ပိန်း ပြုလုပ်
1 / 4
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးရည်ရွယ်တဲ့  Blue Shirt ရှပ်အင်္ကျီအပြာရောင် ဝတ်ဆင် လှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေအပါအဝင် နိုင်ငံတဝန်းလုံးက လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေနဲ့အတူ နိုင်ငံတကာ သံရုံးတွေကပါ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက  ဖမ်းဆီး၊ သတ်ဖြတ် နှိမ်နင်းမှုတွေ နေ့စဉ် တိုးပွားလာနေပြီး လူပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၉,၉၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

Blue Shirt  ကမ်ပိန်းလှုပ်ရှားမှုကိုတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ ဧပြီ ၂၁ ရက်ရောက်တိုင်း ပြုလုပ်နေတာ အခုနှစ်ဆိုရင်  ၈ နှစ်မြောက်ရှိသွားပြီလည်း ဖြစ်ပါတယ်။

သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ စစ်အာဏာရှင်စနစ်ကို အလံမလှဲ ဆန့်ကျင်တွန်းလှန်ခဲ့သူ တယောက်ဖြစ်ပြီး ယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ နီးပါး ကျခံခဲ့ရပြီး အသက် ၈၄ နှစ်အရွယ်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို တောက်လျှောက်ဝတ်ဆင်ခဲ့သူဖြစ်တာမို့ ကွယ်လွန်တဲ့နေ့ရောက်တိုင်း အပြာရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် တောင်းဆိုမှုတွေနဲ့ လူထုလှုပ်ရှားမှုတွေ နှစ်စဉ်လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ “ကျားရဲ ငါ” ကဗျာတပုဒ်နဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရား ထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးရေး ဖိအားပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အဆီးအတားမရှိ ပေးအပ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရေး တို့အတွက် စစ်အာဏာရှင်အား ဖိအားပေးရာမှာ နိုင်ငံတကာမှ မိတ်ဘက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း အင်္ကျီအပြာတွေ ဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ရှပ်အင်္ကျီအပြာရောင် လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တယ်လို့ ထုတ်ပြန်ထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လည်း ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကလည်း ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ယန္တရားတွေက အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နည်းမျိုးစုံသုံးကာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်နေတာကို သတိမူပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ ပေးဆပ်မှုတွေကို မမေ့လျော့ဘဲ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။

မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကတော့ "တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" ဆိုတဲ့ ဦးဝင်းတင်ရဲ့ နာမည်ကျော် စာသားတွေနဲ့အတူ ဒီကမ်ပိန်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

"နိုင်ငံရေးအကျဉ်းသားများ အားလုံး မလွတ်မချင်း ထောင်အင်္ကျီ အပြာရောင်ကို မချွတ်ဘူး" လို့ ကြွေးကြော်ခဲ့တဲ့ ဘဘ ဦးဝင်းတင်ဟာ သူ့စကားနဲ့အညီပဲ သေသည်အထိ ထောင်အင်္ကျီအပြာရောင်ကို မချွတ်ခဲ့ပါဘူး။ ဖေဖော်ဝါရီ ၂၀၂၁ ခု၊ စစ်အာဏာသိမ်းမှုကြောင့် ကျနော်တို့တိုင်းပြည်ရဲ့ သွေးနုသားနု ဒီမိုကရေစီ အညွန့်အညှောက်လေး အဓမ္မ သင်းသပ်ခံခဲ့ရတာကို ပြည်သူအားလုံး အသိပဲဖြစ်ပါတယ်။ အခုဆိုရင် ဖက်ဒရယ်ဒီမိုကရေစီအရေး တောင်းဆိုကြသူ တက်ကြွလှုပ်ရှားသူပေါင်း ၁၃,၀၀၀ ကျော်ဟာ မတရားဖမ်းဆီး အကျဉ်းချခံထားရပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေဟာ ကျနော်တို့ရဲဘော်တွေ ဖြစ်တယ်၊ တိုင်းပြည်ရဲ့ သူရဲကောင်းတွေ ဖြစ်တယ်။ သူတို့ဟာ ထောင်နံရံတွေ နောက်ကွယ်ကို ရောက်သွားကြတာတောင် လုံးဝ အသံမတိတ်၊ အလံမလိပ်ဘဲ နိုင်ရာကဏ္ဍကနေ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ကျနော်တို့ အကျယ်ထောင်ထဲက ပြည်သူတွေအနေနဲ့ မတရား ဖမ်းဆီးခံထားရသော အကျဉ်းထောင်ထဲက သူရဲကောင်း ရဲဘော်တွေကို အမြဲဂုဏ်ပြုလျက်ရှိကြောင်း၊ အတူ ရပ်တည်လျက်ရှိကြောင်း၊ ကျေးဇူးတင်ကြောင်း၊ ဆက်လက် အားတင်းထားကြဖို့လိုကြောင်း စတဲ့ သတင်းစကား ပါးကြရအောင်ဗျာ။”လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ကလည်း အပြာရောင်ရှပ်အင်္ကျီတထည်ကို ဝတ်ဆင်ကာ ဒီကမ်ပိန်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကလည်း ဒီကမ်ပိန်းမှာ ပါဝင်လာပြီး အမျိုးသမီးအဆောင် အပါအဝင် အကျဉ်းထောင်ထဲမှာ ၂၄ နာရီကြီးကြပ်မှုနဲ့ CCTV တွေ တပ်ဆင်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးနဲ့ “privacy” ကိုလည်း ဖောက်ဖျက်ခံနေရတယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့ Blue Shirt နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို အသိပေးနိုင်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာမှ ပံ့ပိုးကူညီမှုတွေ လိုအပ်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီကမ်ပိန်းမှာ ပြည်သူတွေအနေနဲ့ ပါဝင်လိုတယ်ဆိုရင်တော့ တီရှပ်/အင်္ကျီ အပြာကို ဝတ်၊ လက်ဖဝါးမှာ အကျဉ်းကျရဲဘော်တဦးရဲ့ အမည်ကို ရေး၊ ဓာတ်ပုံရိုက်ပြီး မိမိတို့ရဲ့ အင်တာနက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ‌တွေမှာ မျှဝေပြီးတော့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013