DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်
DVB
·
April 20, 2022
မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၀,၀၀၀ ကျော် ပါဝင်နေကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာတော့ နေရပ်စွန့်ခွာရသူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ် လူ ၃ သိန်း ကျော်လာခဲ့ပြီလို့ ဆိုပါတယ်။

လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ အခက်အခဲတွေကြားက နေရပ်စွန့်ခွာလာရသူတွေနဲ့ လက်ခံရာ ရပ်ရွာခံလူထုတွေဆီ အရေးပေါ်အကူအညီပေးတာတွေကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ အကူအညီပေးသူတွေဟာ ပဋိပက္ခဒဏ်သင့်ရာနေရာတွေဆီ ကူညီကယ်ပံ့ပိုးရေးပစ္စည်းတွေ သယ်ယူရာမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလို သွားရောက်အကူအညီပေးရေးအခက်အခဲနဲ့ ရန်ပုံငွေရရှိမှုနည်းပါးတဲ့ကြားမှာပဲ စားနပ်ရိက္ခာဖူလုံရေး အကူအညီပေးတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူဦးရေ ၁ ဒသမ ၄ သန်းဆီကို အရေးပေါ်အကူအညီတွေပေးထားပြီးဖြစ်ကာ ဒါဟာ ၂၀၂၂ ခုနှစ်အတွက် ဒီကဏ္ဍမှာ လျာထားတဲ့ သုံးလစာပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် လူသားချင်းစာနာမှုတုံ့ပြန်‌ရေးအစီအစဉ် (HRP) အစီအစဉ်အရ အကူအညီလိုအပ်သူ ၆ ဒသမ ၂ သန်းအတွက် အကူအညီပေးနိုင်ဖို့ တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၈၂၆ သန်းကို ရန်ပုံငွေ မဖြစ်မနေ ထည့်ဝင်ဖို့ အရေးကြီးကြောင်းနဲ့ အခုနှစ်ရဲ့ ပထမ လေးလပိုင်းအကုန်မှာ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၅ ရာခိုင်နှုန်းသာ လက်ခံရရှိထာပြီး သက်ဆိုင်ရာကဏ္ဍတွေမှာ ရန်ပုံငွေလိုအပ်နေဆဲ ဖြစ်တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ခရီးမတွင်ဖြစ်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မိုးရာသီမတိုင်ခင် ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ အဆောက်အဦတွေ ပြုပြင်ဖို့ လိုအပ်ချက်တွေရှိနေပြီး နေရပ်ရှောင်ဦးရေ ၂၈,၀၀၀ ကျော်နေထိုင်ရာ အိမ်တန်းရှည် ၅၅၀ လုံးလောက်ဟာ နေထိုင်ဖို့မသင့်ဘဲ အမြန်ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး မိုးတွင်းကာလ မ‌ရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိတဲ့ ဒေသတွေမှာ အရေးပေါ်အခြေအနေတွေ ကြုံလာရင် အချိန်နဲ့တပြေးညီ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့လည်း ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013