DVB Logo
Home
Lead Story
စကစ လက်ထဲက ဖဲတစ်ချပ်
DVB
·
April 18, 2022
စကစ လက်ထဲက ဖဲတစ်ချပ်
Donate to DVB

လူတိုင်း တွေးထင်ထားကြပါလိမ့်မယ်။ အခုကာလဟာ ကစားပွဲ (Game) တစ်ခုရဲ့ အဆုံးသတ်ပိုင်း (Ending period) ကို ရောက်နေပြီလို့ပဲ ရှုမြင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး။ စစ်ကောင်စီလက်ထဲ ဖဲတစ်ချပ် ကျန်နေပါသေးတယ်။ 

ဒီဖဲဟာ ဝှက်ဖဲ မဟုတ်ပေမဲ့ အားလုံးရဲ့ သတိမေ့လျော့ခံထားရတဲ့ ဖဲတချပ်လည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဲမသမာမှု အကြောင်းပြချက်နဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တစုဟာ အာဏာသိမ်းခဲ့ပါတယ်။ သမ္မတ ရှိနေပါလျက် သမ္မတကို အဓမ္မထိန်းသိမ်းပြီး စစ်တပ်က အမည်စာရင်းတင်သွင်း ခန့်ထားတဲ့ ဒုသမ္မတကို လက်မှတ်ထိုးစေပြီး အရေးပေါ်ကာလ ကြေညာတာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လုံးလုံးလျားလျား မညီဘဲ အာဏာသိမ်းတာသာ ဖြစ်တယ်ဆိုတာကို  ပြည်သူတွေ သိပါတယ်။ 

သို့သော်ငြားလည်း စစ်ကောင်စီကတော့ သူတို့ဟာ အာဏာထိန်းတာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေတာပါ။ စစ်တပ်က ဦးဆောင်ပြီး သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီပေမယ့်လည်း စစ်ခေါင်းဆောင်တသိုက်ဟာ အာဏာသိမ်းပြီး ‌အချိုးကျ အာဏာခွဲဝေမှု (Proportional Representation - PR) စနစ်အဖြစ် ရွေးကောက်ပွဲဥပဒေကိုပြင်၊ အရပ်ဝတ်ပြောင်းပြီး နိုင်ငံရေးထွက်ပေါက်ယူဖို့ ပြင်ဆင်ခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း အာဏာသိမ်းတာ မဟုတ်၊ အာဏာထိန်းတာလို့ပဲ အမြဲတစေ ပြောနေခဲ့တာပဲ ဖြစ်ပါတယ်။ 

အာဏာထိန်းတယ်လို့ မည်သို့ပင် ပြောဆိုနေပါစေ၊ စစ်တပ်ဟာ အရပ်ဒေသအသီးသီးက  ပြည်သူတွေရဲ့ ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ကြရပြီပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်တသိုက်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ နိုင်ငံရေးထွက်ပေါက်ရှာ မလိမ့်တပတ် အာဏာသိမ်းမှုရဲ့ အကျိုးဆက်ပဲ ဖြစ်တယ်ဆိုတာကို အောက်ခြေက အရာရှိစစ်သည်တွေက သိမြင်လာကြပါပြီ။ အာဏာထိန်းတယ်လို့ အကြောင်းပြ၊ စစ်ခေါင်းဆောင်တွေ စိတ်ကြိုက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထင်သလိုပြင်၊ ပြီးရင် ‌အရပ်ဝတ်ပြောင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးထွက်ပေါက်ရှာသွားတာဟာ စစ်တပ် အကျိုးစီးပွားမပါဘဲ နင်းတက်နေတာသာ ဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ ဒါ့ကြောင့်လည်း စစ်တပ်ကို စွန့်ခွာကုန်ကြတာ ဖြစ်ပါတယ်။ ကြာရင် စစ်တပ်ဟာ ပြိုကွဲဖို့ပဲ ရှိပါတော့တယ်။ 

ဒီအခြေအနေကို စစ်ခေါင်းဆောင်တွေက နားလည်ပါတယ်။ သူတို့ရဲ့ မူလရည်ရွယ်ချက် မအောင်မြင်တော့တဲ့အခါ လက်ထဲမှာ ကျန်နေတဲ့ ဖဲတချပ်ကို ပြပြီး သူ့ဘက်က ထိုးသားတွေဖြစ်တဲ့ အောက်ခြေစစ်သည်နဲ့ တပ်ထောက်ခံသူတချို့ကို ကစားပွဲကနေ ထွက်မပြေးအောင်  စည်းရုံးသိမ်းသွင်းပြီး အကြမ်းတမ်းဆုံး အရက်စက်ဆုံး ဆက်ကစားတော့မှာပါ။ 

အဲဒီဖဲတချပ်ကတော့ အာဏာသိမ်းပြီလို့ အတိအလင်း ကြေညာခြင်း ဖြစ်ပါတယ်။ မဲမသမာမှု ဖြစ်အောင် ဆောင်ရွက်ခဲ့သော ပါတီများကြောင့် နိုင်ငံတော်အာဏာကို တပ်မတော်က မလွှဲမရှောင်သာ ထိန်းသိမ်းခဲ့သော်လည်း နိုင်ငံမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသော အဖွဲ့အစည်းများကြောင့် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်းဆိုတဲ့ ကြေညာချက်မျိုး မကြာမီ ထွက်လာဖို့ရှိတယ်လို့ အတွင်းသတင်းတွေ ကြားသိနေရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက စကစနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ဟာ ဒီလို အခြေအနေတွေ ပြောင်းနိုင်တဲ့အတွက် တရုတ်ကို ကြိုတင်ညှိနှိုင်းပြီး ထောက်ခံချက်တောင်းခံခဲ့ပုံပါပဲ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ဘယ်အခြေအနေ ရောက်နေပါစေ၊ စစ်ကောင်စီကို ဆက်လက်ထောက်ခံသွားမယ်လို့ စကားဦးသန်းခဲ့ပါတယ်။

စကစဘက်က အာဏာထိန်းတယ်ပြောပြော၊ သိမ်းတယ် ပြောပြော အတူတူပါပဲလို့ လူပြိန်းတွေး တွေးလို့မရပါဘူး။ အာဏာသိမ်းတယ်လို့ ကြေညာလိုက်တာနဲ့ အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေရဲ့ စိတ်အခြေအနေတွေ ပြောင်းသွားနိုင်တာကို သတိချပ်ကြရပါမယ်။ သူတို့ဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က တပ်က ထင်တိုင်းကြဲ လုပ်ခွင့်ရခဲ့တဲ့ ကာလကို ပြန်လည်တိမ်းညွှတ်မက်မောလာကြမှာပဲ ဖြစ်ပါတယ်။ ဦးသန်းရွှေ လက်ထက်မှာ တပ်ကလူတွေ အရပ်ဘက်ဌာနတွေကို ထင်သလို ပြောင်းရွေ့ပြီး ကိုယ်ကျိုးစီးပွားရှာခွင့် သာခဲ့ကြတာ မဟုတ်လား။ အတိတ်က ဆောင်းခဲ့ရတဲ့ ရွှေထီးကို သူတို့ ပြန်လည် ရှာဖွေကြပါတော့မယ်။ 

လက်ရှိ အာဏာထိန်းမှုဟာ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားသာရှိပြီး အောက်ခြေအတွက် အကျိုးစီးပွားမရှိတာကို သိထားတဲ့ အောက်ခြေစစ်သည်တွေဟာ အာဏာသိမ်းပြီဆိုတဲ့ ဘက်ကူးပြောင်းလိုစိတ် ဖြစ်နေတာကို ရပ်ပစ်လိုက်ကြမှာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းခြင်းဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းလာနိုင်တဲ့ အရိပ်အယောင်အဖြစ် ပြောင်းလဲ ရှုမြင်လာကြမှာပါ။ ဒီသဘောတရားကို မကြာခင်က KNLA ဘက်ကို ခိုဝင်သွားတဲ့ ခမရ (၅၈၅) ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်ရဲ့ ပြောစကားတွေမှာလည်း အရိပ်အမြွက် တွေ့ကြရမှာပါ။ 

အရေးပေါ်ကာလ သတ်မှတ်ရက်ကလည်း ပြည့်လုပြီ၊ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်မယ့် အလားအလာကလည်း မရှိဆိုတော့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ သေဆုံးအောင် တိုက်ခိုက်ကြတဲ့ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက်ဆိုပြီး နိုင်ငံတော်အာဏာကို သိမ်းယူကြောင်း ကြေညာနိုင်ပါတယ်။ တကယ် ထိခိုက် သေဆုံးမှုဖြစ်အောင် လုပ်မှာက ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာကို ပြည်သူတွေ သိနေပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံတကာကို အပြလှအောင် ချပြမှာပဲဖြစ်ပါတယ်။ 

အာဏာသိမ်းပြီဆိုတာနဲ့ တခြားအဖွဲ့အစည်းတွေဆီ ယိုစီးနေတဲ့ စစ်သည်တွေရဲ့ CDM လုပ်မှုတွေဟာ ရပ်တန့်သွားနိုင်ပါတယ်။ ရောင်တော်ပြန်လွှတ်နေတဲ့ စကစက မွေးထားတဲ့ တော်လှန်ရေးအမည်ခံ အဖွဲ့တချို့ရဲ့ တိုက်ခိုက်မှုတွေဟာလည်း တန့်ရပ်သွားနိုင်ပါတယ်။ အာဏာထိန်းတာတောင် ဒီလောက်ရက်စက်ခဲ့ရင် အာဏာသိမ်းရင် ပိုဆိုးတော့မယ်လို့ လက်နက်မဲ့ ပြည်သူတွေ အကြောက်တရား ပိုဝင်လာပါလိမ့်မယ်။ တော်လှန်ရေး အရှိန်အဟုန်ဟာ ရုတ်တရက် ထိုးကျသွားနိုင်ပါတယ်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်နေကြတဲ့ အဖွဲ့အစည်း အသီးသီးဟာ ဒီအခြေအနေ အရပ်ရပ်ကို ကြိုတင်တွေးမြင်ပြီး စကစလက်ထဲက လွှတ်ချလိုက်မယ့်  ဖဲတချပ်ကိစ္စကို မမေ့မလျော့ ရှိသင့်ကြောင်းပါ ခင်ဗျား။ 

အောင်သောင်းသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013