DVB Logo
Home
Lead Story
ရပ်ရွာထဲ ကျွံလာတဲ့ စကစတပ်သားတွေကို ဘယ်လို တုံ့ပြန်ကြမလဲ
DVB
·
April 10, 2022
ရပ်ရွာထဲ ကျွံလာတဲ့ စကစတပ်သားတွေကို ဘယ်လို တုံ့ပြန်ကြမလဲ
1 / 3
Donate to DVB

မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင် လက်ထက်မှာ စစ်တပ်ဟာ ဖရိုဖရဲ ဖြစ်နေပါပြီ။ နေ့စဉ်နဲ့အမျှ အရပ်ဒေသအသီးသီးမှာ ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါဟာ တပ်မတော်ရဲ့ သက်တမ်းတလျှောက်မှာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေက သုံးသပ်ပြောဆိုကြပါတယ်။ 

မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တသိုက်ကတော့ တိုင်းပြည်အေးချမ်းနေပါပြီလို့ နိုင်ငံတကာနဲ့ သူ့တပ်တွင်းမိသားစုတွေကို လီဆည်လုပ်ကြံပြသဖို့ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နိုင်ရေးတွေကို စိုင်းပြင်းနေကြတာပါ။ 

သူတို့ဘယ်လိုပဲ နိုင်ငံတကာကို လီဆည်ဖို့ ကြိုးပမ်းနေပါစေ၊ ပြည်တွင်းက အခြေအနေတွေကို ပြည်သူတွေသာ အသိဆုံးဖြစ်ပါတယ်။ စစ်တပ်က ပြိုနေချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အားကောင်းလာနေပါပြီ။ ရဲစခန်းတွေသာမက စစ်တပ်အထိုင်ချရာ ယာယီတပ်စခန်းတွေကိုပါ ဝင်ရောက် တိုက်ခိုက်နေကြပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ ရှေ့လျှောက် ပိုတိုးလာဖို့ပဲ ရှိပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ ဖရိုဖရဲ တပ်ပြိုကွဲပြီး ထွက်ပြေးရတဲ့ စကစတပ်ဖွဲ့ဝင်တွေ ရှိနေပါပြီ။

ဒီဖြစ်ရပ်မျိုးတွေက နေရာဒေသမရွေး ကြုံလာနိုင်ပါတယ်။ စကစတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ကိုယ့်ရပ်ရွာထဲကို ရုတ်တရက် ပြေးဝင်လာရင် ဘာတွေ လုပ်ကြမလဲ။ ဘယ်လို တုံ့ပြန် ဆက်ဆံကြမလဲ ဆိုတာကို ရပ်ရွာနေသူ အမျိုးသားတွေ ကြိုတင်ညှိနှိုင်း တိုင်ပင်ထားသင့်ပါတယ်။ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကျွံလာသူတွေကို ဘယ်လို တုံ့ပြန်ဆက်ဆံသင့်လဲ ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အရာရှိတဦးရဲ့ အကြံပြုချက်ကို မျှဝေချင်ပါတယ်။

(၁) သေနတ်နဲ့ ပြေးဝင်လာတိုင်း မကြောက်ပါနဲ့။ သူ့မှာ သေနတ်သာရှိပြီး ကျည်ကုန်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျည်အနည်းငယ်သာ ရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကို မြင်တွေတာနဲ့ ချက်ချင်းကြောက်ပြီး ထွက်မပြေးပါနဲ့။ ထွက်ပြေးခြင်းက သူ့ရဲ့ အရိုင်းစိတ်ကို တွန်းအားပေးပြီး ပစ်ခတ်မှု ဖြစ်နိုင်ပါတယ်။ ချက်ချင်း ကျည်ကွယ်ရာကို ပြောင်းရွှေ့နေပြီး သူ့အရိပ်အကဲကို အရင် သေချာကြည့်ပါ။ 

(၂) အရပ်ဝတ်နဲ့ သေနတ်ကိုင်လာရင် စကစတပ်ဖွဲ့ဝင်နဲ့ PDF ဘယ်လို ခွဲခြားမလဲဆိုတာက ကိုင်လာတဲ့ သေနတ်ဒင်ကို ကြည့်ပါ။ စကစတပ်ဖွဲ့ဝင်တွေ ကိုင်တဲ့ လက်နက်တွေမှာ အနီရောင်အောက်ခံပေါ် ဆေးသားအဖြူနဲ့ ရေးထားတဲ့ ဂဏန်း အမှတ်အသားတွေ ပါရှိပါတယ်။ အောက်ဖော်ပြပါပုံထဲက လက်နက်တွေကို နမူနာအဖြစ်ကြည့်ထားပါ။

(၃) ရပ်ရွာထဲ ကျွံလာတဲ့ စကစတပ်သားမှန်း သေချာရင် ဘာဆက်လုပ်မလဲ။ ကျည်ကွယ်ရာ နေရာကနေ ရပ်ရွာထဲ သေနတ်ကိုင်ဝင်လာတာ မဖြစ်သင့်ကြောင်းနဲ့ သေနတ်ကို ချထားရင် သူ လိုအပ်တာ အကူအညီပေးမယ့်အကြောင်း လှမ်းအော်ပြောပါ။ ဒီ‌လို အော်ပြောရာမှာ အိမ်နီးချင်း ရှေ့နောက်ဝဲယာက အမျိုးသားတွေ အားလုံးက ဝိုင်းအော်ပြောသင့်ပါတယ်။ ဒီလို ဝိုင်းအော်ခြင်းအားဖြင့် သူ ရင်ဆိုင်ရမှာဟာ တဦးတည်းမဟုတ်ဘူးဆိုတဲ့ အချက်ကို သူ့အသိစိတ်ထဲ သွင်းပေးနိုင်ပါတယ်။ 

(၄) သေနတ်ကို အောက်ချထားပြီး အကူအညီတောင်းလာပြီ ဆိုရင်တော့ ကျည်ကွယ်ရာက ထွက်လာပြီး သူ့ကို အဝေးကနေ နွေးထွေးတဲ့ အပြုံးနဲ့ လှမ်းနှုတ်ဆက်ပါ။ အိမ်နီးချင်း အမျိုးသားတွေလည်း ထွက်လာပြီး သူ လိုအပ်တာကို ကူညီမယ့်အကြောင်းနဲ့ ရပ်ရွာလုံခြုံရေးအရ လက်နက်ကို ခဏသိမ်းမှာကိုတော့ လက်ခံဖို့ ဝိုင်းဝန်းနားချပါ။ တခြားယောက်ျားသားတချို့က သူ မမြင်ကွယ်ရာကနေ ရရာ တုတ်၊ ဓား၊ လှံ ကိုင်စွဲပြီး အသင့်အနေအထား ရှိနေကြပါ။ 

(၅) အသာတကြည် လက်ခံရင် လက်နက်ကို သိမ်းယူပါ။ လူနဲ့ လက်နက်ကို ဝေးရာထား သိမ်းဆည်းပါ။ ဒီအခြေအနေရောက်ရင် အစားအသောက်တချို့ တည်ခင်းကျွေးမွေးနိုင်ပါတယ်။ သူ စားသောက်နေစဉ် သူ့ကို ရပ်ရွာက အန္တရာယ်ပေးမှာ မဟုတ်တဲ့အကြောင်းနဲ့ ရပ်ရွာလုံခြုံရေး အရလည်း ဆက်သွယ်ရေးစက်၊ ဖုန်း စတာတွေကိုပါ ခဏပေးအပ်ထားဖို့ လိုအပ်ကြောင်း ဝိုင်းဝန်းပြောဆိုပါ။ ဆက်သွယ်ရေးပစ္စည်းတွေ သိမ်းဆည်းပြီးရင် သူ့ကို ကောင်းစွာ ထိန်းသိမ်းထားပါ။ ဒေသရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အပ်နှံလိုက်ပါ။ NUG လက်အောက်ခံ ဒေသရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အပ်နှံလိုက်ပါ။

EAOs နဲ့ PDF တွေ တိုက်နေတာပဲ ငါတို့က နေသာသလို နေမယ်ဆိုလို့ရတဲ့ ကာလမျိုး မဟုတ်တော့ပါဘူး။ စစ်ဟာ သင့်အိမ်ရှေ့ပေါက်ကို အချိန်မရွေး ရောက်လာနိုင်တယ်ဆိုတာကို သတိချပ်ပါ။ ဘယ်အခြေအနေမှာ ဘယ်လို တုံ့ပြန်ကြမယ်ဆိုတာကို ရပ်ရွာနေသူတွေ ကြိုတင် ညှိနှိုင်း တိုင်ပင်ထားကြခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။ 

အောင်သောင်းသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013